စစ်ကိုင်းတိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက် အတင်းကြပ်ဖမ်းဆီးခေါ်ဆောင်ခံရသူ တစ်ရာကျော်ရှိ

စစ်ကိုင်းတိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက် အတင်းကြပ်ဖမ်းဆီးခေါ်ဆောင်ခံရသူ တစ်ရာကျော်ရှိ

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ် (၂) မှာ အတင်းကြပ် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ ၉၀၀ ကျော်ရှိသည့်အထဲတွင် စစ်ကိုင်းတိုင်းမှ တစ်ရာ့သုံးဆယ်ကျော် ပါဝင်ကြောင်း မြန့်မာရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) အဖွဲ့၏ အစီရင်ခံစာတစ်ရပ်အရ သိရသည်။

စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူ့စစ်မှုထမ်းသင်တန်းကို ကလေးမြို့ တတက(၁၀)တွင်  အဓိက ပြုလုပ်ပြီး လူဦးရေ ၂၀၀ ကျော် စုဆောင်းခံရကြောင်း အစီရင်ခံစာအရ သိရသည်။

စစ်ကောင်စီသည် စစ်မှုထမ်းများကို ခေါ်ဆောင်ရာတွင် ပုံမှန်မဟုတ်သည့် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်မှုများသည် အပတ်စဉ် (၂)တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မကွေးတိုင်းသည်  ပြည်သူ့ စစ်မှုထမ်း သင်တန်းအတွက် အတင်းကြပ်ဖမ်းဆီးခေါ်ဆောင်ခံရမှု အများဆုံးဖြစ်ပြီး ပဲခူးတိုင်းသည် ဒုတိယ နှင့် စစ်ကိုင်းတိုင်းသည် တတိယအများဆုံးလည်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ကျေးလက်ဒေသများတွင် အုပ်ချုပ်ရေးစနစ် လည်ပတ်နိုင်ခြင်းမရှိတော့သည့် အခြေအနေများကြောင့် စစ်မှုထမ်းဆင့်ခေါ်မှုများ မပြုလုပ်နိုင်ပဲ အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်မှုတွေပြုလုပ်ခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသခံတွေကဆိုသည်။

“ စစ်သားစုဆောင်းတာတွေကတော့ ဒီဘက်မှာ ဘာလုပ်နိုင်မှာတုန်း  အုပ်ချုပ်ရေးမှူးမှ မရှိတာ။ အခုက မြို့ပေါ်ကလူလည်း ဒီရွာကိုမလာဘူး။ဒီဘက်ကလူတွေကလည်းမြို့ပေါ်ကို မသွားဘူး။ အကြောင်းမရှိရင်။ သူတို့(စစ်တပ်)က မထင်ရင်မထင်သလိုဖမ်းတာ၊ ပိုက်ဆံနဲ့ ပြန်ရွေးရွေးနေရတာ။ တချို့လည်းမလွတ်ဘူး”လို့ စစ်ကိုင်းမြို့နယ်ရှိ ဆင်မြေ-ဒေါင်းမ ကျေးရွာမှ ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်အများစု တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်၍ မရနိုင်ကြောင်း ဒေသခံတွေက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလတွင်  မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)နှင့်ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်ရင်း (ထပရ) ၉၂၉ တပ်မှ အရာတော်မြို့ရှိ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ) ပို့  ပြည်သူ့စစ်မှုထမ်းသင်တန်းသားသစ် ၂၀၀ ကျော် ပို့ဆောင်ရန်အတွက် ထွက်လာသည့် ယာဉ်တန်းကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ပြီး  သင်တန်းသားသစ် ၄၀ ကျော်ကို ဖမ်းဆီးရမိသည့်ဖြစ်စဉ်တစ်ခုကို NUG  စစ်ဒေသ အမှတ်(၁)က ကြေညာထားသည်။

Most read this week

October 4, 2024
ရှမ်းနီတိုင်းရင်းသားများမျိုးနွယ်စုများနေထိုင်အခြေချရာဒေသတွေဖြစ်တဲ့...
October 3, 2024
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူတဲ့အခါ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ရသူတွေကို...
September 30, 2024
စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ် ဆက်သွယ်ထားသည့် မန္တလေး-မြစ်ကြီးနား...
September 27, 2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းက မိုးညှင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ်ရှိ တောင်သူတွေဟာ...