စစ်တွေတွင် စစ်ကောင်စီပစ်သတ်မှုကြောင့် အရပ်သား ၆ ဦးထက် မနည်းသေဆုံး

စစ်တွေတွင် စစ်ကောင်စီပစ်သတ်မှုကြောင့် အရပ်သား ၆ ဦးထက် မနည်းသေဆုံး

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက် ဗျိုင်းဖြူရွာမှ အရပ်သား ၆ ဦးထက်မနည်းမှာ မေ ၂၉ နှင့် ၃၀ ရက်က စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ ၂၉ ရက်က ဗျိုင်းဖြူရွာသို့ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးကာ ကျေးရွာအတွင်းရှိ အမျိုးသားများ၊ သက်ကြီးရွယ်အို၊ အမျိုးသမီး အပါဝင် နို့စို့အရွယ်ကလေးများကို ဖမ်းဆီးပြီး  ကျေးရွာစာသင်ကျောင်းနှင့် သင်္ချိုင်းကုန်းတို့တွင် စုထားခဲ့သည်။

“ ယောက်ျားတွေကို မျက်နှာစည်းထားပြီး AA နဲ့ပတ်သက်မှုရှိ၊ မရှိ မေးတယ်။ ရိုက်နှက်တယ်။ ပြီးတော့ သေနတ်နဲ့ပစ်သတ်လိုက်တာလို့ သိရတယ်။ ပြီးရင် ခန္ဓာကိုယ်မှာ Arakan လို့ တက်တူးပါတဲ့ လူတွေကိုလည်း ပစ်သတ်တယ်လို့ သိရတယ်။ သေဆုံးသူတွေကတော့ အများကြီးရှိနိုင်ပါသေးတယ်” ဟု စစ်တွေဒေသခံ တစ်ဦးက ပြောသည်။

လတ်တလော DMG စုံစမ်းချက်အရ သေဆုံးသွားသူများမှာ ဦးကျော်လှ၊ ဦးကျော်ဝင်း၊ ဦးကျော်သိန်း၊ ဦးကုလားအောင်၊ ဦးဖိုးသန်းစိန်နှင့် မောင်မျိုးချေ တို့ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဦးဖိုးသန်းစိန်တို့ မိသားစုအားလုံးကို သတ်ဖြတ်လိုက်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း DMG မှ သီးသန့် အတည်မပြုနိုင်သေးပေ။

ဖမ်းဆီးထားသည့် ရွာသားများကို စာသင်ကျောင်းနှင့် သင်္ချိုင်းကုန်းတွင် တစ်ရက်နှင့်နှစ်ညထားပြီးနောက် ယနေ့တွင် တစ်ချို့ကို ပြန်လွှတ်ပေးခဲ့ပြီး  အမျိုးသားများကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သိရသည်။

ပြန်လွတ်လာသည့် အမျိုးသမီးတစ်ဦးက “လွတ်လာတဲ့အမျိုးသမီးတွေကို မြို့ထဲက ဝင်္ကပါကွင်းသို့ ပို့နေပါတယ်။ မြို့ထဲမှာနေရမယ်လို့ ပြောတယ်။ ကိုယ့်အိမ်မှာ မနေရတော့ပါဘူး။ ရွာထဲကိုလည်း ဝင်ခွင့်မပေးတော့ဘူး” ဟု ပြောသည်။

ထို့အပြင် အမျိုးသားအများစုကိုလည်း နောက်ပြန်ကြိုးတုတ်ပြီး စစ်တွေအခြေစိုက် ခလရ ၂၀ သို့ ခေါ်ဆောင်သွားခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။

မိသားစုဝင်တစ်ဦးက “ကျမရဲ့အစ်ကိုလည်း ယောက်ျားတွေကို ကားနဲ့‌ခေါ်သွားတဲ့အထဲမှာ ပါသွားပါတယ်။ ဘာလို့ ခေါ်သွားမှန်းလည်း မသိဘူး။ စိုးရိမ်စိတ်နဲ့ နေ့မအိပ်နိုင် ညမအိပ်နိုင် ဖြစ်နေရပါတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်သားများသည် ဆတ်ရိုးကျရပ်ကွက်ရှိ နေအိမ်များကိုလည်း တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများနှင့် စားကုန်များကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။

မေလ ၁၅ ရက်ကလည်း ဗျိုင်းဖြူရွာကို စစ်ကောင်စီက ဝင်ရောက်ပြီး ရွာသား ၄၀ ခန့်ကို ဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့မှာ ယနေ့တိုင် ပြန်လည်လွတ်မြောက်ခြင်း မရှိသေးပေ။

ဆတ်ရိုးကျရပ်ကွက်အတွင်း နေထိုင်သူများမှာ အခြေခံလက်လုပ်လက်စားများ၊ နေအိမ်စောင့်ကျန်ခဲ့သူများနှင့် တိမ်းရှောင်ရန် ငွေကြေးအခက်အခဲ ရှိနေသူများသာ ဖြစ်သည်ဟု ရပ်ကွက်တွင်း‌ နေထိုင်သူများက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေ လ ၁၃ ရက်နေ့အထိ ခြောက်လတာ အတွင်း အရပ်သားပြည်သူ ၄၂၅ ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးထားကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) က မေလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်တွင် ၂၀၁၉ စစ်ရေးကာလကလည်း ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာသား ၂၇၅ ဦးကို စစ်ကောင်စီက ကျေးရွာစာသင်ကျောင်းတွင် ခေါ်ယူစစ်ဆေးစဉ် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ၇ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

October 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်းစံပြကျေးရွာကို ယနေ့ (အောက်တိုဘာ ၄) နံနက် ၂...
October 3, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ ပညာရေးဝန်ထမ်း အပါအဝင် ဒေသခံ ၅၀ ဦးခန့်မှာ စစ်ကောင်စီ၏...
October 2, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်ကြသည့် ဒေသခံ ၆၀ ကျော်ကို...
October 1, 2024
ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်...