ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း အခြေခံပညာကျောင်း ၄၀၀ ကျော်ဖွင့်လှစ်သွားဖို့ရှိ

ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း အခြေခံပညာကျောင်း ၄၀၀ ကျော်ဖွင့်လှစ်သွားဖို့ရှိ

ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေဧရိယာအတွင်း ယခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်းပေါင်း ၄၀၀ ကျော် အထိ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အခြေခံပညာကျောင်းတွေဟာ ပုံစံမျိုးစုံနဲ့ အဖွဲ့အစည်းပေါင်းစုံက ဖွင့်လှစ်နေတာရှိပေမယ့် အတူလက်တွဲဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန လက်အောက်ကနေ ဖွင့်လှစ်ထားတဲ့ အခြေခံကျောင်းတွေကိုတော့ မေလ ‌နောက်ဆုံးအပတ်ကနေ စတင် ဖွင့်လှစ်နေပြီလို့ သိရပါတယ်။

ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းသားတွေရဲ့ လုံခြုံရေးအတွက် ပြင်ဆင်ထားတာရှိတယ်လို့ ကရင်နီပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန (KnED) ဒုတိယဝန်ကြီး ခူဘူးရယ်က ပြောပါတယ်။

“ အဲ့ဒီကျောင်းပတ်ဝန်းကျင်တွေမှာပေါ့ ကျနော်တို့ ဗုံးခိုကျင်းတွေလုပ်ထားတာရှိတယ်။ နယ်စပ်ဒေသတစ်ဝိုက်မှာဆိုရင်တော့ လေယာဉ်သံကြားရင် ဘယ်လိုပုန်းရမလဲ ရှောင်ရမလဲဆိုတဲ့ သင်တန်းတိုလေးတွေ ကျောင်းသား/သူတွေကို ပြထားတာရှိတယ်။ အခုလည်း စာသင်နှစ်စရင် အဲ့ဒီဟာတွေ ပြန်လုပ်ဖို့ရှိတယ်။ ဒါကတော့ကျနော်တို့ပြင်ဆင်ထားတဲ့ဘက်ပေါ့လေ။” လို့ သူက ပြောပါတယ်။

လက်ရှိမှာ မိခင်ဘာသာစကားအခြေပြု ဘာသာစကားအစုံသုံး ပညာရေး ( MTB-MLE ) စနစ်နဲ့ သင်ကြားပေးဖို့ ပြင်ဆင်နေပြီး ယခုနှစ်မှာ KnED လက်အောက်က အခြေခံကျောင်း ၈၀ ဝန်းကျင်မှာ စတင် သင်ကြားသွားမယ်လို့ သိရပါတယ်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်း၊ လွိုင်ကော် အရှေ့ဘက်ခြမ်း၊ ဖရူဆိုအရှေ့ဘက်ခြမ်းတွေမှာ အဓိက သင်ကြားသွားဖို့ရှိပြီး KG တန်းကို သင်ကြားပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ ကျန်တဲ့စာသင်ကျောင်းတွေမှာတော့ တခြား သင်ရိုးတွေနဲ့ သင်ကြားနေတယ်လို့ သိရပါတယ်။

“ အဓိက ကတော့ ကလေးတွေ ပြန့်ကျဲနေတဲ့ စစ်ရှောင်ကလေးတွေပေါ့နော။ ပညာသင်ကြားခွင့် ရရှိဖို့ကို အရင်ဆုံးဦးတည်ပါတယ်။ ဘယ်သင်ရိုးညွှန်းတန်းပဲသင်သင် အခုလက်ရှိကာလမှာ အရေးကြီးဆုံးက သင်ရိုးညွှန်းတန်း ဘယ်ဟာပဲယူသင်သင် ကလေးတွေသင်ကြားခွင့်ရရှိဖို့ပဲပေါ့နော ” လို့ ခူးဘူးရယ်က ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ အာဏာမသိမ်းခင်အထိ အစိုးရအခြေခံပညာကျောင်း (၄၅၉) ကျောင်း ရှိတယ်လို့ စစ်ကောင်စီရဲ့ စာရင်းအရ သိရပါတယ်။ ၂၀၂၃-၂၀၂၄ စာသင်နှစ်မှာတော့ ကရင်နီပြည်မှာ စစ်ကောင်စီက စာသင်ကျောင်းပေါင်း ၁၀၉ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက်တော့ လွိုင်ကော်မြို့မှာသာ ကျောင်းဖွင့်လှစ်နိုင်ပြီး ကျောင်း‌ပေါင်း  ၁၂၅ ကျောင်းရှိတဲ့အနက် အထက်တန်းကျောင်း ၃ ကျောင်းအထိ ဖွင့်လှစ်ဖို့ရှိနေပါတယ်။

လွိုင်ကော်မြို့ကို ပြန်လည်နေထိုင်ဖို့ အစီအစဥ်ရှိနေတဲ့ ဒေသခံတချို့ကတော့ ကလေးတွေ ကျောင်းတက်ရောက်နိုင်ဖို့ ကျောင်းအပ်နှံတာမျိုးတွေ ပြုလုပ်နေပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း ပဋိပက္ခတွေကြောင့် ပျက်စီးသွားခဲ့ရတဲ့ စာသင်ကျောင်းပေါင်း ၂၃ ကျောင်းရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) က မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

October 3, 2024
စက်တင်ဘာလ ဒုတိယပတ်ကစပြီး ရေဘေးသင့်မှု ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နောက်ဆက်တွဲအနေနဲ့...
October 1, 2024
နှစ်ပေါင်း ၇၆ နှစ်ကြာ အာဏာရှင်စနစ်ကို လက်နက်ကိုင်လမ်းစဥ်နဲ့ တော်လှန်လာခဲ့တဲ့ ကရင်နီပြည်တပ်မတော်...
September 30, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာ အုပ်စုအတွင်းမှာနေထိုင်တဲ့ အသက် ၃၅နှစ်မှ...
September 28, 2024
ကရင်နီပြည်က စစ်ရှောင်စခန်းလေးတွေဆီကိုရောက်ရင် “အိမ်နောက်ဖေးစျေးဆိုင်တည်ပါ” ဆိုတဲ့ စကားပုံအတိုင်း...