မွန်ပြည်နယ်တောင်ပိုင်းက တော်လှန်ရေးရဲဘော်တွေ ငှက်ဖျားရောဂါအဖြစ်များနေ

မွန်ပြည်နယ်တောင်ပိုင်းက တော်လှန်ရေးရဲဘော်တွေ ငှက်ဖျားရောဂါအဖြစ်များနေ

မွန်ပြည်နယ်တောင်ပိုင်းဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ အခြေချလှုပ်ရှားနေတဲ့ လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေမှာ ငှက်ဖျားရောဂါ အစုံလိုက် အပြုံလိုက် ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့ဧပြီလကုန်ပိုင်းကစပြီး တော်လှန်ရေးရဲဘော်တွေမှာ ငှက်ဖျားရောဂါတွေ စတင်ဖြစ်ပွားခဲ့ကာ အခုနောက်ပိုင်းမှာ ရောဂါဖြစ်ပွားသူ အရေအတွက် သိသိသာသာ တိုးလာတာ ဖြစ်ပါတယ်။

တော်လှန်ရေးရဲဘော်တွေဟာ နောက်တန်းမှာ နေထိုင်ချိန်ခြင်ထောင်၊ ခြင်ဆေးမလုံလောက်တာ၊ ရှေ့တန်းထွက်ချိန် ခြင်ကိုက်ခံရတာကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှုများနေတာလို့ သိရပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ ငှက်ဖျားရောဂါဖြစ်ပွားမှုကို ရဲဘော်တွေ ဆိုးဆိုးဝါးဝါး ခံစားနေရပြီး တချို့ရဲဘော်တွေဆိုရင် နှစ်ကြိမ်လောက် ဖြစ်ပွားတာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေ ငှက်ဖျားရောဂါ ဖြစ်ပွားမှုအတွက် လိုအပ်တဲ့ဆေးဝါးတွေကို ပြည်သူဆီကနေ အထိုက်အလျောက်ကူညီတာတွေ ရှိပေမယ့် လိုအပ်ချက်အချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒေါနစစ်ကြောင်း ချေမှုန်းရေး တပ်ခွဲ ၃ တာဝန်ခံကလည်း ရဲဘော်တွေ ငှက်ဖျားရောဂါ ဖြစ်ပွားမှုဟာ ခြင်ထောင်မလုံလောက်မှုကြောင့် အများဆုံးဖြစ်ပွားနေတာဖြစ်ပြီး ဆေးဝါးလိုအပ်ချက် ရှိနေတယ်လို့ ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေ ငှက်ဖျားရောဂါ ဖြစ်ပွားမှုများလာတာကြောင့် ဧပြီလကုန်ပိုင်းလောက်ကစကာ မွန်ပြည်နယ်တောင်ပိုင်းမှာ စစ်ဆင်ရေးတချို့ ရပ်နားထားရပြီး လိုအပ်တဲ့လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ တွေရှိမယ်ထင်တဲ့နေရာတွေကို လေယာဉ်နဲ့ကင်းထောက်တာတွေရှိနေပြီး ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေမှာ အင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၀ဖွဲ့ထက်မနည်း ရှိနေပြီး အင်အားထောင်နဲ့ချီ ရှိနေတာဖြစ်ပါတယ်။

October 4, 2024
သန်းခေါင်စာရင်းကောက်ယူနေတဲ့ကာလအတွင်း မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်ကောင်စီက...
October 4, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြစ်မှုကျူးလွန်ပြီးနောက် ပြန်လည်လွတ်...
October 3, 2024
နိုင်ငံ့အာဏာကို လက်နက်အားကိုးပြီး အဓမ္မသိမ်းယူထားတဲ့ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံ‌...
October 2, 2024
မွန်ပြည်နယ်အတွင်းရှိ နေလှန်ဆားလုပ်ငန်းတွေဟာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင်...