တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လုံရှာယန်ကျေးရွာနဲ့ အနီးတစ်ဝိုက်ရွာတွေက ဒေသခံပြည်သူ ထောင်ချီ အကူအညီများစွာ လိုအပ်နေ

တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လုံရှာယန်ကျေးရွာနဲ့ အနီးတစ်ဝိုက်ရွာတွေက ဒေသခံပြည်သူ ထောင်ချီ အကူအညီများစွာ လိုအပ်နေ

နှစ်ဖက်တပ် စစ်ရေးတင်းမာမှုတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာနဲ့ အနီးတစ်ဝိုက်ရွာတွေက ဒေသခံပြည်သူ ထောင်ချီဟာ နေအိမ်တဲဆောက်လုပ်ဖို့ အမိုးအကာတွေအပြင် ဆေးဝါးတွေနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေပါတယ်။

မတ်လ အစောပိုင်းကနေစပြီး ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း မေလ ၈ ရက်နေ့မှာတော့ ပူတာအိုဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေ လုံရှာယန်-တန်ဂျာ-ဝဒတ်-ဆွမ်ပီယန် စတဲ့ ကျေးရွာ တစ်လျှောက် စစ်ရေးလှုပ်ရှားခဲ့တာပါ။

အဲဒီလို စစ်ရေးလှုပ်ရှားတာတွေ ရှိလာတဲ့အတွက် ဆွမ်ပီယန်၊ အင်ဆီးယန်၊ အင်ဆိုင်းယန်၊ ခင်ဒူယန် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ လုံခြုံရေးအတွက် စိုးရိမ်ပြီး တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် သွားတာလို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူတွေဟာ လူဦးရေ ထောင်နဲ့ချီရှိပြီး မိုးရာသီရောက်လာတာကြောင့် အမိုးအကာတွေ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ အထက်ပါ ဒေသခံက ဆက်လက်ပြောပါတယ်။

"လူဦးရေက နှစ်ထောင်မက ရှိတယ်။ အင်ဆိုင်းယန်ရော ပါတယ်။ လက်ရှိ လိုအပ်နေတာက တဲအိမ်တွေ ဆောက်ဖို့ လိုနေတယ်။ ပြီးတော့ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေ လိုအပ်တယ်။ သက်ကြီးရွယ်အိုတွေလည်း ပါတော့ ဆေးဝါးလို အပ်မှုတွေလည်း ရှိတာပေါ့"လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံ‌ပြည်သူအချို့ဟာ ကြိုတင်ပြင်ဆင်မှုမရဘဲ အလောတကြီး ထွက်ပြေးရသူတွေ ပါရှိတဲ့အတွက် အခြေခံ အသုံးအဆောင်ပစ္စည်းတွေကအစ လိုအပ်မှု ရှိနေတာလည်း ဖြစ်ပါတယ်။

ဝဒတ်ကျေးရွာအတွင်းက အမျိုးသားတွေကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတာတွေ ရှိခဲ့တဲ့အတွက် လက်ရှိအချိန်မှာတော့ အိမ်ခြေ ၂၀လောက်ရှိတဲ့ ဝဒတ်ကျေးရွာဟာလည်း တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဆိုပါတယ်။

"ဝဒတ်ဒေသခံတွေလည်း အားလုံးရှောင်ပြီ။ အိမ်ခြေ ၂၀လောက် ရှိတယ်။ တစ်ချို့ တစ်ဖက်ကမ်းဘက် ပြေးတဲ့သူရှိတယ်။ လုံရှာယန်ဘက် ရှောင်တဲ့သူတွေလည်း ရှိတယ်"လို့ ပူတာအို ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မေလ ၈ ရက်နေ့က စစ်ကောင်စီတပ်သားအင်အား ၁၃၀ ထက်နည်းပါဝင်တဲ့ စစ်ကြောင်း ပူတာအိုမြို့ကနေ လုံရှာယန်ကျေးရွာအတွင်း ရောက်ရှိခဲ့တာပါ။

အဲဒီနောက် မေလ ၉ ရက်နေ့မနက်မှာတော့ လုံရှာယန်ကနေ တန်ဂျာကျေးရွာဘက်ကို ရောက်ရှိသွားပြီး လက်ရှိအချိန်မှာတော့ ဆွမ်ပီယန်ကျေးရွာအတွင်း ဝင်ရောက် တပ်စခန်းချ နေထိုင်နေတာလည်း ဖြစ်ပါတယ်။

တန်ဂျာကျေးရွာကနေ စစ်ကြောင်းထပ်ချီတက်လည်စဉ် ၁၀ မိုင်လောက်ဝေးတဲ့ ကျောက်ရေတွင်း (ကချင်အခေါ်အဝေါ် Shin dan mada) နားအရောက်မှာတော့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ မိနစ် ၃၀ ကြာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၁၁ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာတော့ ဆွမ်ပီယန်ကျေးရွာအတွင်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး နှစ်ဖက်တပ် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြန်အလှန် ပစ်ခတ်တဲ့သံတွေ ကြားရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ KIO/KIAကနေ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းက စစ်ကကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...
September 10, 2024
ကချင်ပြည်နယ်၊ဗန်းမော်နဲ့ မိုးမောက်မြို့ကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့...