မူးယစ်ဆေးစွဲသူများကို စစ်မှုထမ်းခေါ်ယူ

မူးယစ်ဆေးစွဲသူများကို စစ်မှုထမ်းခေါ်ယူ

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း အသက် ၂၅ နှစ် ဝန်းကျင်အရွယ် မူးယစ်ဆေးသုံးစွဲနေ သည့် အိမ်ယာမဲ့နှင့် သူခိုး ၄ ဦးအား စစ်ကောင်စီက စစ်မှုထမ်း ခေါ်ယူခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

ဘော်ဆိုင်းမြို့၊ ကျောင်းတောင်ရပ်ကွက်တွင် တစ်ဦးနှင့် ကံဦးရပ်ကွက်တွင် ၃ ဦး စုစုပေါင်း ၄ ဦး ပါဝင်ပြီး မိသားစုဝင်များအား အသိမပေးဘဲ ပြီးခဲ့သည့် အပတ်ကတည်းက ပေါ်တာဆွဲ ခေါ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

နီးစပ်သူ တစ်ဦးက “ဒါတော့ ရပ်သိရွာသိပေါ့။ ၄ ယောက်ထဲက တစ်ယောက်ဆိုလို့ရှိရင် ရွာထဲကို အဝင်မခံဘူး ပေါ့။ ဇရပ်တွေမှာ လိုက်နေရတာ။ ဆွေရှိတယ်။ မျိုးရှိတယ်။ ဆေးသမား သူခိုးဂျပိုးမလို့ မိသားစုလည်း လက် မခံဘူး။ ရွာလည်း လက်မခံဘူး။ ရွာထဲလည်း မဝင်ရဲဘူး။ ခိုးဝင်တဲ့ ခိုးတယ် ဒါပဲ ရှိတယ်။ ကျန်တဲ့အချိန်ဆို လမ်းဆုံ၊ လမ်းခွတို့ ဇရပ်တို့ အဲ့မှာ ပတ်နေတာ။ လူမနေတဲ့ ဇရပ်တို့ ဘုရားကုန်းတို့ အဲမှာပဲ နေတာ” ဟု ပြောသည်။

မိသားစုဝင်များအား ပြီးခဲ့သည့် မေလ ၁၅ ရက်ဝန်းကျင်ခန့် ရောက်မှသာ စစ်ကောင်စီက အကြောင်းကြားခဲ့ပြီး လတ်တလောတွင် မည်သည့်တပ်ရင်း၌ စစ်ပညာသင်ကြားခိုင်းနေသည်ကိုလည်း မသိရသေးဟု နီးစပ်သူများ က ပြောသည်။

ဘော်ဆိုင်းမြို့တွင် မူးယစ်ဆေး ရောင်းချသူများအား စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ လိုင်းကြေးယူ၍ ကာကွယ် ပေးထားသောကြောင့် သုံးစွဲသူများကိုသာ စစ်မှုထမ်း ခေါ်ယူခြင်း ဖြစ်သည်ဟု မြို့နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။

ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အပါဝင် ထိစပ်ဒေသများ အားလုံးတွင် စစ်မှုထမ်းပါဝင်သည့် လူငယ်များ အနေဖြင့် ဆက်သွယ် အကူအညီ တောင်းခံနိုင် သည်ဟု ပြောသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ မြင်သမျှ တွေ့သမျှ ဆက်သွယ်ရသမျှတော့ စစ်မှုထမ်းကို ဘယ်သူမှ မသွားချင် ကြဘူး။ ဒါပေမယ့် တခုရှိတာက မဖြစ်မေနေ သွားရမယ်ဆိုရင် PDF ထဲ ဝင်မယ်။ ကျနော်တို့ အဖွဲ့ထဲ ဝင်မယ် ဆို တာပဲ သိရတယ်ပေါ့။ ဒါပေမယ့် အခုလို သွားတဲ့ လူဆိုတာလည်းပဲ သူတို့တွေက ဆေးစွဲနေတာရယ်၊ သူခိုး ဂျပိုး မလို့ သွားတာ။ ကျန်တဲ့တစ်ရာခိုင်နှုန်းတောင် စစ်မှုထမ်း မသွားကြဘူး။ အဲ့တော မဖြစ်မနေ ကြုံကြိုက် လာပြီဆိုရင် ရှောင်စရာ တိမ်းစရာ နေရာရှိရင်လည်း ရှောင်ပေါ့။ မရှိရင်လည်း အချိန်မရွေး ကျနော်တို့ဆီ ဆက်သွယ် နိုင်တယ် ဆိုတာလေး ကျနော်တို့ သတင်းစကား ပါးချင်တာပေါ့နော်” ဟု ပြောသည်။

ဘော်ဆိုင်းမြို့တွင် စစ်မှုထမ်းစရိတ် ကောက်ခံခြင်း လုံးဝမရှိသေးဘဲ ယခုကဲသို့ စစ်မှုထမ်း ခေါ်ယူခြင်းမှာလည်း ပထမဆုံးအကြိမ် ဖြစ်ပြီး ကျန်သည့် မြို့နေပြည်သူများမှာ လွတ်မြောက်နယ်မြေနှင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ခြင်းမျိုး မတွေ့ရသေးဘူးဟု ကလောမြို့နယ် သတင်းအရင်းအမြစ်များက ပြောသည်။

သို့သော် ယခုနှစ်အတွင်း တော်လှန်ရေးအင်အားစုများသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဘော်ဆိုင်း မြို့ခံ ၄ ဦး ရှိ၍ ကာကွယ်ရေး တပ်ရင်းများတွင် စစ်အာဏာရှင်အား တော်လှန်နေကြသည်ဟု ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

October 3, 2024
ကချင်အထူးဒေသ ၁ ၊ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်...
October 3, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်။ထိုင်း - မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း...
October 2, 2024
ကရင်နီပြည်နယ်တွင် ကုန်းစျေးနှုန်းများ အဆမတန် မြင့်လာသောကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ...
September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...