အာရက္ခဒေသစစ်ပွဲ AA သိမ်းပိုက်သည့် မြို့နယ် ၁၀ ခုထိရှိလာ

အာရက္ခဒေသစစ်ပွဲ AA သိမ်းပိုက်သည့် မြို့နယ် ၁၀ ခုထိရှိလာ

၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်တွင်စတင်သည့် ရခိုင်ဒေသတိုက်ပွဲများသည် တစ်နေ့မျှမရပ်နားဘဲ အရှိန်ဟုန်ပြင်းပြင်း ချီတက်နေသည်မှာ ၆ လကျော်ကြာလာပြီဖြစ်သည်။

အာရက္ခတပ်တော်(AA) ရခိုင်နှင့် ပလက်ဝဒေသအတွင်း စစ်ကောင်စီ တပ်ရင်း၊ တပ်မ၊ ဗျူဟာစခန်းများအပြားကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်ရှိတွင် မြို့နယ် ၁၀ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနှင့် ဒကစ(စစ်တွေ)လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်း အပါအဝင် စခန်းအားလုံးကို  မေလ ၁၈ ရက်၊ မွန်းတည့်ချိန်တွင် သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း AA က ထုတ်ပြန်လာသည်။

လက်ရှိတွင် ဘူးသီးတောင်တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များအား လိုက်လံတိုက်ခိုက်နေပြီး ဘူးသီးတောင်မြို့ပတ်ဝန်းကျင်၌ တိုက်ပွဲဆက်လက်ဖြစ်နေကြောင်း AA ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျား ခြေဦးတည့်ရာဖြင့် လွတ်မြောက်မည်ဟုထင်ရသော နေရာများနှင့် ကျေးရွာများ၊ ဘူးသီးတောင်မြို့အတွင်းသို့ ထွက်ပြေးနေကြသောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန် AA က အထူးသတိပေးထားသည်။

AA ထုတ်ပြန်သည့် အချက်လက်များအရ AA သည် ပလက်ဝမြို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်၊ ပေါက်တောမြို့ကို ဇန်နဝါရီ ၁၉ ရက်၊ မင်းပြားမြို့ကို ဖေဖော်ဝါရီ ၆ ရက်၊ ကျောက်တော်မြို့ကို ဖေဖော်ဝါရီ ၇ ရက်၊ မြောက်ဦးမြို့ကို ဖေဖော်ဝါရီ ၉ ရက်၊ မြေပုံမြို့ကို ဖေဖော်ဝါရီ ၁၅ ရက်၊ ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်၊ ရမ်းဗြဲမြို့ကို မတ် ၁၁ ရက်၊ ရသေ့တောင်မြို့ကို မတ် ၁၇ ရက်နှင့် ဘူးသီးတောင်မြို့ကို ယနေ့ မေလ ၁၈ ရက်တွင် အသီးသီး သိမ်းပိုက်ထားခြင်း ဖြစ်သည်။

ဆက်လက်ပြီး AA သည် မောင်တော၊ အမ်း၊ သံတွဲမြို့နယ်များကို သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်နေသည်။

ရခိုင်စစ်ပွဲနှင့်ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “ULA/AA ဘက်က စစ်သွေးစစ်မာန်အပြည့်နဲ့ ယုံကြည်မှုရှိတယ်။ စစ်ကောင်စီဘက်ကတော့ ‘ငါတို့တိုက်ရင်လည်း AA လက်ထဲကျသွားမှာ’ ဆိုတာမျိုးကို သိနေတဲ့အတွက်  သိပ်ပြီးတော့  ခံမတိုက်ချင်တော့ဘူး။ ထွက်ပြေးတာတွေ အများကြီး။ ခြုံပြောရရင်တော့ ရခိုင်က ကျန်တဲ့မြို့တွေလည်း တစ်မြို့ပြီးတစ်မြို့ ကျသွားမှာပါပဲ” ဟု DMG ကို ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသည့် တပ်ရင်း၊ တပ်မ၊ ဌာနချုပ်များအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားသည်။

October 5, 2024
ရခိုင်ဒေသအတွင်း စစ်‌ရေးပဋိပက္ခဖြစ်ပွားမှုမှာ ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးနှင့်...
October 4, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်းစံပြကျေးရွာကို ယနေ့ (အောက်တိုဘာ ၄) နံနက် ၂...
October 3, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ ပညာရေးဝန်ထမ်း အပါအဝင် ဒေသခံ ၅၀ ဦးခန့်မှာ စစ်ကောင်စီ၏...
October 2, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်ကြသည့် ဒေသခံ ၆၀ ကျော်ကို...