နောင်ချို တကျော့ပြန်တိုက်ပွဲ တစ်လအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦး အပါအဝင် ၁၀ ဦးသေဆုံး

နောင်ချို တကျော့ပြန်တိုက်ပွဲ တစ်လအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦး အပါအဝင် ၁၀ ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်တွေကြောင့် အမျိုးသမီး ၅ ဦး အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၁၆ ရက်) ည ၉ နာရီကျော်ခန့်တွင် သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်အတွင်း တောင်တလုံးနှင့် ရေတားကုန်းကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ပါဟက်ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၃ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ကလေးငယ်တစ်ဦး အပါအဝင် ၅ ဦး ဒဏ်ရာရခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ အခုရွာကနေ ထပ်တစ်ခါ ထွက်ပြေးနေရပြီ၊ အခြေအနေကတော့ ပိုဆိုးလာတယ်။ မနေ့ညကလည်း ပါဟက်ရွာထဲက လူနေအိမ်ပေါ် လက်နက်ကြီးလာကျတာ အမျိုးသမီး ၃ ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ တစ်ယောက်ဆိုရင် လုံးဝကြည့်လို့ မကောင်းတော့ဘူး၊ တစ်စစီ ဖြစ်သွားတယ်”ဟု သေဆုံးသွားသူနှင့် နီးစပ်သည့် နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သည် ပါဟက်ကျေးရွာအတွင်း ညအချိန် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် မထွေးရီ (၄၂ နှစ်)၊ မဝင်းသန္တာ (၃၆ နှစ်) နှင့် မမိုခမ်းဦး (၁၆ နှစ်) တို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ယနေ့ (မေလ ၁၇ ရက်) တွင် ရွာသားများမှ စုပေါင်းသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် (၁) နှစ်ခွဲအရွယ်ခန့်ရှိ ကလေးငယ်တစ်ဦးလည်း ဦးခေါင်းထိမှန် ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာ ရရှိသည့် အခြား (၄) ဦးတို့ကို မန္တလေး-PDF တပ်ဖွဲ့က ဆေးဝါးကုသပေးနေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ အိမ်ရှင်ကတော့နေ့စားခ သွားရှင်းနေတာနဲ့ လွတ်သွားတယ်။ အဲ့အိမ်မှာ စစ်ဘေးရှောင်နေတဲ့ လူတွေကတော့ အကုန်မှန်သွားတာပေါ့။ ရွာသားတွေက ဒီမနက် သင်္ဂြိုဟ်ပေးပြီးတော့ အကုန်လုံး စစ်ဘေးရှောင်နေကြပြီ။ ဒဏ်ရာရတဲ့လူတွေလည်း ၅ ယောက်နဲ့ အိမ်ပျက်စီးတာ ၆ အိမ်ရှိတယ်”ဟု နောင်ချိုမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် ပါဟက်ကျေးရွာမှ စစ်ဘေးရှောင် ၄၀၀ ကျော်သည် သုံးဆယ်နဲ့ သပြေတိုးရွာကြားရှိ ကြံခင်းနဲ့ လယ်ကွင်းထဲရှိ တဲများတွင် တိမ်းရှောင်နေကြရပြီး သတင်း ရေးသားနေချိန်အထိ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေခြင်းကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရကြောင်း နောင်ချိုစစ်ဘေးရှောင်များထံမှ သိရသည်။

“ဒီနေ့ထွက်ပြေးလာတာ တချို့ဆို ဆန်တစ်ပြည် အဲ့လိုပဲ ရလာကြတယ်၊ အကုန်လုံးက နေ့စားပဲလုပ်တော့ စားဝတ်နေရေး ခက်ခဲတယ်။ ကလေးတွေ အမျိုးသမီးတွေလည်း အပူဖုထွက်ပြီးတော့ အရေပြားယားနာ ဖြစ်ကြတာရှိတယ်၊ ဝမ်းလျှောကြတာလည်းဖြစ်တော့ သောက်ဆေးတောင်မှ မရှိကြဘူး”ဟု နောင်ချိုစစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကို လာရောက်ကူညီ သူများလည်း နည်းပါးလာပြီး အင်းဝိုင်း၊ ခြေမြစ်ပင်၊ ဘန့်ဘွေး၊ ကုန်းကြီး၊ ကုန်းသာနှင့် လွယ်တောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၁ ထောင်ကျော် ရောက်ရှိနေပြီး နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့ရှိ စစ်ဘေးရှောင် စုစုပေါင်း ၂၀၀၀ ကျော်မှာ နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။

အလားတူ နောင်ချိုမြို့နယ်ရှိ ရွှေညောင်ပင်နှင့် ဘန့်ဘွေးကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သုံးဆယ်၊ ဆမ္မဆယ်နှင့် ကြူအင်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေပြီး မေလ ၁၀ ရက် ညပိုင်းကလည်း သုံးဆယ်ကျေးရွာမှ အမျိုးသမီးတစ်ဦး အပါအဝင် (၂)ဦး သေဆုံးခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် သျှမ်း-မန္တလေးနယ်စပ်ရှိ သရက်ကုန်းစခန်းကို လက်လွှတ်ခဲ့ရပြီးနောက် မန္တလေး-PDF တပ်ဖွဲ့နှင့် ဖြစ်ပွါးခဲ့သော တိုက်ပွဲများတွင် လေကြောင်းတိုက်ခိုက်မှု (၄၃)ကြိမ် အထိ ပြုလုပ်ခဲ့ပြီး ဓာတုအဆိပ်သင့်ဗုံးများကို လေကြောင်းမှတဆင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မန္တလေး-PDF တပ်ဖွဲ့က မေလ ၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Most read this week

October 5, 2024
သျှမ်းပြည်တောင်ပိုင်း၊ကျောက်တလုံးမြို့နှင့် ညောင်ရွှေမြို့ တောင်ဘက်ဒေသများတွင် ပအိုဝ်းပြည်သူစစ်...
October 4, 2024
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှိ နာမည်ကြီး တရုတ်ဘုံကျောင်း နှင့်...
October 4, 2024
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်ထိ ကျားဖြန့် ဟု လူသိများသည်...
October 3, 2024
သျှမ်းပြည် ပင်လောင်းမြို့၏ တောင်ဖက်တွင် တိုက်ပွဲများပြန်ဖြစ်ပွားနေသောကြောင့်...