ကုန်စည်ပြတ်လပ်နေတဲ့ ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်အပါ) ကျပ်တစ်သိန်း၊ ဓါတ်ဆီတစ်ပုလင်း ကျပ် ၇၀,၀၀၀ အထိ ရောက်ရှိ

ကုန်စည်ပြတ်လပ်နေတဲ့ ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်အပါ) ကျပ်တစ်သိန်း၊ ဓါတ်ဆီတစ်ပုလင်း ကျပ် ၇၀,၀၀၀ အထိ ရောက်ရှိ

ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်) ကို ကျပ်တစ်သိန်း နဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိ ရောက်ရှိနေပြီဖြစ်တဲ့အတွက် ပူတာအို - မြစ်ကြီးနားလမ်းကို အမြန်ဆုံးဖွင့်ပေးဖို့ မျှော်လင့်နေကြပါတယ်။

တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-ပူတာအိုလမ်း ပိတ်ထားတာ ၂ လကျော် ကြာလာတဲ့အချိန်မှာ စံချိန်တင် ကုန်ဈေးနှုန်းမြင့်တက်နေတာ ဖြစ်တယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

" ဆန်က သီးသန့်ဆန်ဆိုင်တွေတောင် မရှိတော့ဘူးလေ။ ဘာမှရောင်းစရာမရှိတော့ဘူး။ အခုရွာကနေ လယ်လုပ်တဲ့သူတွေ ပေါ့နော်။ သူတို့အတွက် နည်းနည်းပါးပါး ပိုလျှံတာတွေ ကြိတ်ပြီးရောင်းတာ အဲဒီလောက်ပဲရှိတယ်။ အဲဒါတောင် နည်းနည်းပါးပါးပဲဆိုတော့ အလုအယက်ဝယ်ကြတာ"လို့ ဆိုပါတယ်။

ဓာတ်ဆီတွေကိုလည်း စီးပွားရေးလုပ်ငန်းတွေမှာသုံးဖို့ ဝယ်စုထားတဲ့အထဲက နည်းနည်းပါးပါး ထုတ်ရောင်းကြတာ ဖြစ်တဲ့အတွက် ဈေးတွေမြင့်တက်နေရတာဖြစ်ပြီး တခြားကုန်ပစ္စည်းတွေလည်း ပုံမှန်ဈေးထက် သုံးဆ အထက်မှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အရေးပေါ်ဆေးဝါးတွေလည်း မရှိသလောက်ဖြစ်သွားပြီး အရေးပေါ်လူနာတွေကို မြစ်ကြီးနား၊ မန္တလေးဘက် လွှဲရမယ့်အခြေအနေတွေမှာလည်း လေယာဉ်လက်မှတ် မဝယ်ယူနိုင်တဲ့ အခြေအနေကို ကြုံနေကြရတယ်။

" တကယ်လို့ အရေးအကြောင်းကြုံလို့ အရေးပေါ်ဖြစ်လာရင်တော့ တော်တော်လေး အဆင်မပြေဘူး။ လေယာဉ်တွေရဖို အရမ်းခက်တာ။ အဲဒါကြောင့်မို့ အသက်အန္တရာယ်တောင်မှ အရေးပေါ်ဖြစ်လာရင်တော့ စိုးရိမ်ရမယ့် အခြေအနေပေါ့နော်။"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရိုးရိုးသာမန်လူနာတွေလည်း ရွာကနေ ဆေးရုံကိုလာဖို့အတွက် စက်သုံးဆီမရှိတာကြောင့် အခက်အခဲတွေ ကြုံတွေ့နေကြရပြီး တချို့က ရွာထဲမှာ တိုင်းရင်းဆေးတွေနဲ့ ကုတာတွေရှိသလို သေဆုံးသွားသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စက်သုံးဆီမရှိတာကြောင့် ဖုန်းတာဝါတိုင်တွေလည်း လည်ပတ်ရခက်နေပြီး တချို့ဖုန်းလိုင်းတွေကိုလည်း ပြတ်တောက်နေကြသလို လူနာတွေရှိလို့ အရေးပေါ်လူနာတင်ကားတွေတောင် ရပ်နားထားရတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့လမှာတော့ သက်ဆိုင်ရာကနေ ဓာတ်ဆီဈေးကို ၃၀,၀၀၀ ကျပ် ထက်ပိုမရောင်းရဆိုပြီး စာထုတ်ပြန်ခဲ့ပေမဲ့ လက်ရှိချိန်မှာတော့ ထိန်းချုပ်မရနိုင်တော့တဲ့ အခြေအနေကို ရောက်ရှိနေပြီး ဓာတ်ဆီဈေးနှုန်းတွေဟာ နေ့စဉ် ကျပ် ၅,၀၀၀ နဲ့ ၁၀,၀၀၀ ကြား တက်လာနေတာပါ။

" စံချိန်တင်ပေါ့နော်။ အရင်တုန်းက ဓာတ်ဆီဈေးတက်တယ်ဆိုတာက တစ်ပုလင်း ၁၀,၀၀၀ အမြင့်ဆုံးပဲ၊ အရင်နှစ်တုန်းက ဈေးအတက်ဆုံးအချိန်မှာ ၁၀,၀၀၀ နဲ့ရပ်သွားတယ်လေ။"လို့ အထက်ပါ ပူတာအိုဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ဆွမ်ပရာဘွမ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် မတ်လ ၉ ရက်နေ့က စပြီး မြစ်ကြီးနား-ပူတာအိုလမ်းကို ပိတ်ထားခဲ့တာပါ။

အဲဒီနောက် ပူတာအိုဒေသမှာ ကုန်စည်တွေပြတ်လပ်တဲ့အပြင် စက်သုံးဆီတွေပါပြတ်လပ်သွားတာကြောင့် ဒေသခံတွေအနေနဲ့ လမ်းအမြန်ဆုံးပြန်ဖွင့်ပေးဖို့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေကို တောင်းဆိုမှုတွေ ရှိနေပါတယ်။

September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...
September 10, 2024
ကချင်ပြည်နယ်၊ဗန်းမော်နဲ့ မိုးမောက်မြို့ကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့...