ဆွမ်ပီယန်ကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့တိုက်ပွဲဖြစ်ပွါး၊ ဒေသခံတွေတိမ်းရှောင်နေရ

ဆွမ်ပီယန်ကျေးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့တိုက်ပွဲဖြစ်ပွါး၊ ဒေသခံတွေတိမ်းရှောင်နေရ

ကချင်ပြည်နယ်၊ ပူတာအိုမြို့ဘက်က ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဆွမ်ပီယန်ရွာအတွင်း မေလ ၁၁ မှာ ရောက်ရှိပြီးနောက် KIA နဲ့ တိုက်ပွဲဖြစ်ပွားလာတဲ့အတွက် ဒေသခံပြည်အများစု ထွက်ပြေးတိမ်းရှောင် နေကြပြီလို့ သိရပါတယ်။

မေလ ၈ ရက်နေ့က မန္တလေးဘက်ကနေ Y8 လေယာဉ်အမျိုးအစားနဲ့ စစ်ကောင်စီတပ်သားတွေကို သယ်ဆောင်ပြီး ပူတာအိုမြို့ဘက် လာချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၁၃၀ ထက်မနည်းပါဝင်တဲ့ အထက်ပါ စစ်ကြောင်းကို မေလ ၈ ရက်နေ့ နေ့တွင်းချင်းမှာပဲ ကားတွေနဲ့ ထပ်မံတင်ဆောင်ပြီးတော့ လုံရှာယန်ကျေးရွာက အထက စာသင်ကျောင်းမှာ လာချသွားတာပါ။

မေလ ၉ ရက်နေ့မနက်မှာတော့ လုံရှာယန်ကနေ တန်ဂျာဘက်ကို ရောက်ရှိသွားကြတာလည်း ဖြစ်ပါတယ်။

"တန်ဂျာမှာ ဝင်နားတဲ့ စစ်သားတွေပဲ။ မနေ့က(မေလ၁၀)ရက်နေ့ မနက်အစောပိုင်းလောက်မှာ တန်ဂျာက ထွက်သွားကြတာ။ မနေ့ညက ဝဒတ်မှာ အိပ်ကြတာ"လို့ ပူတာအို ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

တန်ဂျာကျေးရွာကနေ ဆက်လက်ခရီးနှင်ပြီးနောက် ၁၀ မိုင်လောက်ဝေးတဲ့ ကျောက်ရေတွင်း (ကချင်အခေါ်အဝေါ် Shin dan mada)နား အရောက်မှာတော့ အဲဒီစစ်ကောင်စီစစ်ကြောင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ မိနစ် ၃၀ ကြာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အိမ်ခြေ ၂၀ လောက်ရှိတဲ့ ဝဒတ်ရွာကို စစ်ကောင်စီတပ်သားတွေ မေလ ၁၀ ရက်နေ့ညက စခန်းချပြီး မေလ ၁၁ မနက် အစောပိုင်း ၆ နာရီလောက်မှာတော့ ဝဒတ်ကျေးရွာက အမျိုးသားအားလုံး နီးပါးကို လူသားဒိုင်းကာအဖြစ် စစ်ကြောင်းနဲ့အတူ ဆွမ်ပီယန်ကျေးရွာဘက် ခေါ်ဆောင်သွားတယ်လို့ အထက်ပါ ဒေသခံရဲ့ ထပ်မံ ပြောပြချက်အရ သိရပါတယ်။

"ဒီကနေ့မနက်တော့ အသက်အရွယ်ရှိသေးတဲ့ သူတွေကိုတော့ ကြားညှပ်ပြီး ခေါ်သွားတာ။ သက်ကြီးပိုင်း လမ်းလျှောက်လို့ အဆင်မပြေတဲ့ သူတွေကိုတော့ ရိက္ခာတင်တဲ့ ကားပေါ်မှာ တင်ပြီး ခေါ်သွားကြတာ"လို့ ဆိုပါတယ်။

ဒီကနေ့(မေလ ၁၁)ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာတော့ ဆွမ်ပီယန်ကျေးရွာအတွင်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး နှစ်ဖက်တပ် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြန်အလှန် ပစ်ခတ်တဲ့သံတွေ ကြားရတယ်လို့ နောက်ထပ် ပူတာအို ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

" ရွာအတွင်းမှာလည်း သေနတ်တွေ အရမ်းမြည်လာတာ။ အပြန်အလှန် ပစ်သံတွေကြားတာ။ ဒရုန်းတွေ၊ လက်နက်ကြီး‌ သံတွေ။ ဒေသခံတွေ အများပိုင်းပြေးတဲ့သူကတော့ ပြေးကုန်ပြီ"လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာတဲ့အတွက် ဆွမ်ပီယန်ဒေသခံပြည်သူ အများစုဟာ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တဲ့တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့လည်း သိရပါတယ်။

စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်ခံရတဲ့ ဝဒတ်ရွာ ဒေသခံအမျိုးသားတွေ ပြန်လည်လွှတ်မြောက်လာခြင်း ရှိ/မရှိ အတည်ပြုလို့ မရသေးဘူးလို့ ပူတာအို ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ ဆွမ်ပရာဘွမ်မြို့ဘက် ဆက်လက်ချီတက်မယ့်သဘော ရှိနေတယ်လို့လည်း ဆိုပါတယ်။

မတ်လ ဒုတိယပတ်လောက်ကနေ စတင်တိုက်ခိုက်ခဲ့တဲ့ ဆွမ်ပရာ စစ်ကောင်စီ ခလရ ၄၆ ဗျူဟာကုန်းကို စစ်ကောင်စီဘက်က‌ ကုန်လမ်းကနေ စစ်ကူအင်အားဖြည့်တင်းတာတွေသာမက လေကြောင်းနဲ့ပါ ပစ်ကူမှုကြားကနေ မေလ ၅ ရက်နေ့ မနက်ပိုင်း ၄ နာရီကျော်လောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေသိမ်းပိုက်နိုင်တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ KIO/KIAကနေ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

Most read this week

September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...
September 10, 2024
ကချင်ပြည်နယ်၊ဗန်းမော်နဲ့ မိုးမောက်မြို့ကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့...