တနင်္သာရီတိုင်းမှာ တစ်တိုင်းလုံးနီးပါး တိုက်ပွဲတွေ ပြင်းထန်လာ

တနင်္သာရီတိုင်းမှာ တစ်တိုင်းလုံးနီးပါး တိုက်ပွဲတွေ ပြင်းထန်လာ

စစ်အာဏာရှင်ပြုတ်ကျရေး နွေဦးတော်လှန်ရေး တိုက်ပွဲတွေဟာ တနင်္သာရီတိုင်းရဲ့ တစ်တိုင်းလုံးနီးပါး နေရာအနှံ့မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီး စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြန်မာနိုင်ငံမြေပုံရဲ့ အောက်ပိုင်းအစွန်မှာတည်ရှိတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလကစလို့ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး တော်လှန်ရေးအင်အားစုဘက်က စခန်းသိမ်းတိုက်ပွဲတွေအထိ ဆင်နွှဲလာနိုင်ခဲ့ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့အချက်အလက်တွေအရ မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ တနင်္သာရီ တိုင်းမှာ မြိတ်နဲ့ကော့သောင်းမြို့နယ်ကလွဲပြီး ကျန်မြို့နယ် ၈ မြို့နယ်လုံးမှာ တိုက်ပွဲတွေ ပြင်းထန်လာတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုအရ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ တနင်္သာရီ၊ ပုလော၊ ကျွန်းစု၊ဘုတ်ပြင်း၊ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနဲ့ ရေဖြူမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်း ထန်လာပြီးစစ်ကောင်စီတပ်စခန်း ၇ ခုထက်မနည်း သိမ်းပိုက်ရရှိထားပါတယ်။

ဖက်ဒရယ်စစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုမင်းထက်က တော်လှန်ရေးကာလ အစပိုင်းမှာ ကွဲပြားနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကို စုစည်းနိုင်ခဲ့ပြီး အမိန့်စီးဆင်းမှုတွေ မြန်ဆန်လာတာကြောင့်စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်လာနိုင်တာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ တော်လှန်ရေးရဲ့ အစောပိုင်းကာလမှာ အဖွဲ့တွေအားလုံး မစုစည်းနိုင်ဘူးပေါ့။ နောက်ပိုင်းကတော့ကျွန်တော်တို့အကုန်လုံးက ဒီ KNLA နဲ့ PDF တွေရော ပေါင်းစည်းပြီးတော့ လုပ်လာနိုင်တယ်။ ပြည်သူလူထုထောက်ခံမှုတွေကလည်း တော်လှန်ရေးတပ်တွေဘက်ကို ပိုပြီးတော့ အဓိကတော့ ငွေရေး ကြေးရေးကိစ္စတွေပေါ့။ အများကြီး ထောက်ပံ့တာတွေ ကျွန်တော်တို့ဘက်ကို ပိုလာတယ်။ ပိုလာတဲ့အခါကျဒီလက်နက်ခဲယမ်းတွေ ကျွန်တော်တို့အများကြီး ပိုပြီးတော့ စုဆောင်းနိုင်တာပေါ့နော်။ လက်နက်ခဲယမ်းစုဆောင်းနိုင်တာနဲ့အမျှ ကျွန်တော်တို့ စခန်းသိမ်းတိုက်ပွဲတွေ ပိုပြီးတော့ လုပ်လာနိုင်တယ်ထင်ပါတယ်”လို့ဆိုပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီဘက်ကလည်း တပ်စခန်းတွေ လက်မလွှတ်ရရေးအတွက် ကြည်း၊ ရေ၊ လေ ခုခံကာကွယ်မှုတွေ ပြုလုပ်လာသလို အရပ်သားပြည်သူတွေကို ပစ် မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုပါ ကျူးလွန်လာပါတယ်။

မေ ၈ ရက်နေ့က သရက်ချောင်းမြို့နယ်ရှိ ပဲဒက်တပ်စခန်း သိမ်းပိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ နှစ်ဆက်တိုက်အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် ကနက်သီရိဒေသခံ၅ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တဖက်မှာတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှုနဲ့အတူ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာလည်းကားတွေပိတ်မိနေတာကြောင့် စီးပွားရေးသမားတွေ အရှုံးတွေနဲ့ရင်ဆိုင်နေရတဲ့အပြင် ခရီး သည်တွေတိုက်ပွဲအတွင်း ပိတ်မိတာတွေရှိနေတယ်လို့ လောင်းလုံးမြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

“တိုက်ပွဲများလာတာနဲ့အမျှ၊ အဲဒီလိုမျိုး ပဋိပက္ခတွေ များလာတာနဲ့အမျှ ဒီဘက်မှာ လူနေမှုဘဝ အကုန်လုံးကနိမ့်ကျလာတယ်။ စီးပွားရေးကစ လူမှုရေးအကုန်လုံးက နိမ့်ကျတယ်။ အဲဒီလိုမျိုး ပုံစံဖြစ်နေတယ်။

ကားတွေကလည်း အဲဒီဘက်မှာ ပိတ်မိနေတာကြာပြီ။ စီးပွားရေးသမားတွေဘက်ကြည့်ရင်ပြီးရင်ခရီးသည်တွေလည်း ဒီဘက်မှာဆိုလို့ရှိရင် ကော့သောင်းဘက်ကနေ တက်လာမယ့်သူတွေဆိုလမ်းမှာအခုချိန်ထိ ပိတ်မိနေတုန်းပဲ။ အဲဒီလိုမျိုးရှိတယ်။ ပြီးရင်လည်း ပိတ်မိနေရုံတင်မကပါဘူး။အခုကအဲဒီဘက်မှာ တော်တော်အခြေအနေက ဆိုးဆိုးရွားရွား ဖြစ်နေတာဆိုတော့။ လေယာဉ်နဲ့ ဗုံးကြဲမှာကိုလည်း စိတ်ပူနေရသေးတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းက တိုက်ပွဲတွေအတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်တာနဲ့အမျှ ကျေးရွာဒေသခံတွေဟာ လေယာဉ်မြင်တာနဲ့ ကြောက်နေကြပြီး ဘယ်လိုမှမလုံခြုံတော့တဲ့ အနေအထားဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေကြောင့် မြို့နယ်တိုင်းမှာ စစ်ဘေးရှောင်ဦးရေ ထောင်နဲ့ချီရှိနေပြီး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက်တွေ မြင့်မားလာတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေရဲ့ ပြောပြချက်အရသိရပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့  FE5 Tanintharyi ရဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ စစ်ရှောင်ပြည်သူ ၅၀၀၀၀ ထက်မနည်းရှိနေပြီး လက်ရှိတိုက်ပွဲတွေကြောင့် စစ်ရှောင်အရေအတွက် ထပ်တိုးလာမယ့် အခြေအနေမှာ ရှိနေတာပါ။

Most read this week

October 4, 2024
သန်းခေါင်စာရင်းကောက်ယူနေတဲ့ကာလအတွင်း မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်ကောင်စီက...
October 4, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြစ်မှုကျူးလွန်ပြီးနောက် ပြန်လည်လွတ်...
October 3, 2024
နိုင်ငံ့အာဏာကို လက်နက်အားကိုးပြီး အဓမ္မသိမ်းယူထားတဲ့ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံ‌...
October 2, 2024
မွန်ပြည်နယ်အတွင်းရှိ နေလှန်ဆားလုပ်ငန်းတွေဟာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင်...