ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းသတင်းကြောင့် လူငယ်များအကြား စိုးရိမ်ပူမှုများနေ

ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းသတင်းကြောင့် လူငယ်များအကြား စိုးရိမ်ပူမှုများနေ

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုသားများ ပြည်ပသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်ခွင့်ကို ယာယီရပ်ဆိုင်းလိုက်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် လူငယ်များအကြား စိုးရိမ်ပူပန်မှုများရှိနေသည်။

စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် အပတ်စဉ် (၂) အတွက် လူသစ်စုဆောင်းမှုများ ပြုလုပ်နေစဉ် ယခုကဲ့သို့ အမျိုးသားများ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်အား မေလ ၁ ရက်နေ့စတင်ပြီး ယာယီပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

“ အခုကျနော်တို့ အချိန်တွေ၊ ပိုက်ဆံတွေ ကုန်ခံပြီးတော့မှ လေယာဉ်လက်မှတ်တွေ၊ ဗီဇာတွေ လုပ်ထားတယ်လေ။ အခုသွားမယ့်ရက်လည်း နီးလာပြီ။ တကယ့်တကယ်သွားရမယ် အခါကျမှ ပေးမသွားတော့ဆိုတော့။ ကျနော်တို့ မျှော်လင့်ချက်တွေလည်းမရှိတော့ဘူး။ အလကားအချိန်ကုန်၊ ပိုက်ဆံကုန်တာပေါ့” ဟု ပြည်ပထွက်ရန် စီစဉ်နေသည့် တောင်ကြီးမြို့ လူငယ်တစ်ဦး သျှမ်းသံတော်ဆင့်ကိုပြောသည်။

အမျိုးသားများကို ပြည်ပထွက်အလုပ်လုပ်ခွင့်ကို စစ်ကောင်စီက ယာယီရပ်ဆိုင်းသည်ဟုကြေညာထားသော်လည်း မည်သည့်အချိန်တွင် ပြန်လည်ခွင့်ပြုမည်သည်ကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းမရှိသေးပေ။

လက်ရှိ စစ်ကောင်စီမှ ကြေညာထားသည့် ပြည်ပထွက်အလုပ်လုပ်ခွင့် ပိတ်ပင်မှုအကျုံးဝင်သူများမှာ MOU အလုပ်သမား (အမျိုးသားများ)၊ PJ passport ကိုင်ဆောင်ကာ အေဂျင်စီနှင့်ချိတ်ဆက်၍ အလုပ်ခေါ်စာဖြင့် နိုင်ငံခြားထွက်အလုပ်လုပ်မည့်သူများ (အမျိုးသားများ) ဖြစ်သည်ဟု သိရသည်။

သိုပေမဲ့ PV passport အပါအဝင် အခြား passport အမျိုးအစားများကိုတော့ ပိတ်ပင်ကြောင်း လက်တလော ကြေညာထားခြင်းမတွေ့ရသေးပေ။

စစ်ကောင်စီဘက်မှ ကြေညာထားသော်လည်း အမြဲသလို၎င်းတို့မူဝါဒကို ပြုပြင်ရေးဆွဲနေတတ်သောကြောင့် ပြည်ပထွက်လူငယ်များလာပါက PV passport အပါအဝင် အခြား passport အမျိုးအစားများကိုလည်း ထပ်မံတားမြစ်ပိတ်ပင်နိုင်ကြောင်း လူငယ်များကပြောသည်။

“အခုကပြင်ပထွက်အလုပ်လုပ်တဲ့သူတွေကို ပေးမထွက်ဘူးလို့ပြောပေမဲ့ PV passport ကိုင်ပြီး ပြည်ပထွက်မယ့် သူတွေအပေါ်လည်း သက်ရောက်လာနိုင်တယ်။ အလုပ်သွားလုပ်မယ်ပဲပြောပြော၊ သွားလည်မယ်ပဲ ပြောပြော သူတို့ကန့်သတ်ချင်တော့သူတို့လုပ်မှာပဲ။” ဟု လွိုင်လင်မြို့ လူငယ်တစ်ဦးကပြောသည်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်များအပြား တရားဝင်နှင့် တရားမဝင်လမ်းကြောင်း နှစ်ခုစလုံးမှတဆင့် ပြင်ပနိုင်ငံများသို့ ထွက်ခွာနေစဉ် ယခုကဲ့သို့ ထပ်မံပိတ်ပင်လိုက်သဖြင့် လူငယ်များတရားမဝင်ထွက်ခွာမှု ပိုတိုးလာနိုင်ကြောင်း ၎င်းကထပ်လောင်းပြောသည်။

စစ်မှုထမ်းဆင့်ခေါ်ခြင်းကို သင်္ကြန်ရုံးပိတ်ရက်များအပြီး ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း သင်္ကြန်မတိုင်မီကတည်းက စစ်သင်တန်း အပတ်စဉ်တစ်ခုလျှင် လူ ၅,၀၀၀ နှုန်းဖြင့် ခေါ်ယူခဲ့ပြီး လက်ရှိတွင် အပတ်စဉ် ၂ ကို ဆက်လက်ခေါ်ယူနေသည်။

အလားတူ မေလ ၁ ရက်မှစတင်ပြီး နယ်စပ်ဖြတ်သန်းသွားလာမှုကို လူဦးရေစာရင်း ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေး လဝကမှ UID ခေါ် စမတ်ကတ်ပါရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP/BP) များထုတ်ပေးမည်ဖြစ်ကြောင်း၊ ယင်းစမတ်ကတ် ပါရှိမှသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက ဧပြီ ၄ ရက်၌ ထုတ်ပြန်ကြေညာထားသည်။

Most read this week

May 17, 2024
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်တွေကြောင့်...
May 17, 2024
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မပေါက်ကွဲသည့် ဗုံးကို သွားရောက်ထိမိရာမှ...
May 16, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ကရင်နီဘက်မှရောက်ရှိလာသည့် စစ်ရှောင်များ...
May 15, 2024
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များသည် တိုက်ပွဲဆက်လက်...