ပန်ဆိုင်းမြို့ နယ်စပ်ဂိတ် MNDAA ပြန်ဖွင့်သော်လည်း ဒေသခံများ ဝင်ထွက်သွားလာခွင့် မရသေး

ပန်ဆိုင်းမြို့ နယ်စပ်ဂိတ် MNDAA ပြန်ဖွင့်သော်လည်း ဒေသခံများ ဝင်ထွက်သွားလာခွင့် မရသေး

သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ဒေသခံများ ဝင်ထွက်သွားလာ၍ မရသေးကြောင်း စုံစမ်းသိရသည်။

မေလ (၁) ရက်မှ စတင်ပြီး မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း မြန်မာဘက်ခြမ်းမှ ယခင်အသုံးပြုခဲ့သည့် စာအုပ်အနီဖြင့် ဝင်ထွက်သွားလာ၍ မရသေးဘဲ တရုတ်ဘက်ခြမ်းမှသာ အဝင်အထွက် ပြုလုပ်၍ ရကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

“ပန်ဆိုင်း-ဝမ်တိန် ဂိတ်ပေါက် ၁ ရက်နေ့က ပြန်ဖွင့်တယ်။ စာအုပ်အနီကျတော့ အဝင်အထွက် လုပ်လို့ မရသေးဘူး။ တရုတ်ဘက်က စာအုပ်တော့ အဝင်ကော အထွက်ကော ရတယ်၊ ကိုးကန့်တပ်ကပဲ တံဆိပ်တုံး ထုပေးတာ။ ဝမ်တိန်ကနေ ပန်ဆိုင်းထဲကို ဝင်လာမယ်ဆိုရင် ကိုးကန့်တွေရဲ့ ကန့်သတ်ချက်တော့ ရှိတာပေါ့”ဟု ပန်ဆိုင်းဒေသခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်း နယ်စပ်ဂိတ်တွင် ယခင်က အသုံးပြုသည့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (စာအုပ်အနီ)ဖြင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ဂိတ်ဖြတ်သန်းခွင့် မရသေးဘဲ ၎င်းဂိတ်မှ ကိုးကန့်တပ်ဖွဲ့ တာဝန်ရှိသူများက စာအုပ်နှင့် တံဆိပ်တုံး စောင့်ဆိုင်းနေကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ ဒီနေ့ဝင်ဖို့လုပ်တော့ နောက်ပိုင်းကျရင် ဝင်လို့ရမယ်လို့တော့ ပြောတယ်။ အခုက သူတို့စာအုပ်နဲ့ တံဆိပ်တုံး မရောက်သေးဘူးလို့ ပြောတယ်။ ဒီလိုပြောစကားအရဆိုရင် သူတို့ ကိုးကန့်တပ်ရဲ့ စာအုပ်နဲ့ တံဆိပ်တုံးပုံစံ ဖြစ်လောက်တယ်။ နောက်တစ်ပတ် သူတို့တံဆိပ်တုံး ရောက်လာမှ သိရမယ်”ဟု ပန်ဆိုင်းမြို့မှ ၎င်းကုန်သည် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပန်ဆိုင်းနယ်စပ်ဂိတ်မှ ကိုးကန့်တပ်ဖွဲ့ တာဝန်ရှိသူများ၏ ယခုပြောဆိုချက်နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းထံသို့ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မတ်လနှင့် ဧပြီလများတွင် တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့ဘက်သို့ ယခင်က ရောက်ရှိနေသူများလည်း ပန်ဆိုင်း(ကြူကုတ်)မြို့သို့ ပြန်လာလိုပါက ဂိတ်ဖြတ်သန်းနိုင်သည့် ရက်များကို Wechat ထဲတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကြေညာထားသော်လည်း ကန့်သတ်ချက်များ ရှိကြောင်း ပန်ဆိုင်းဒေသခံများက ပြောသည်။

“အရင်လတွေက Wechat ဂရုထဲမှာ ဝင်ထွက်လုပ်လို့ ရတဲ့ ရက်တွေကို ကြေညာပေးတယ်၊ ဝမ်တိန်ကနေ ပန်ဆိုင်းကို ဝင်လာဖို့ စာအုပ်အနီနဲ့ လာလို့ရတယ် တံဆိပ်တုံးတော့ မထုပေးဘူး။ ဘယ်လိုလုပ်ရလဲဆိုတော့ မူဆယ်အထိ သွားပြီး လဝက ကို ပိုက်ဆံပေးပြီးမှ တရုတ်ပြည်ထဲ ဝင်ရတယ်၊ ပြီးမှ ဝမ်တိန်ဂိတ်ကနေ ပြန်လာရတာ”ဟု နယ်စပ်ဂိတ် ဖြတ်သန်းခွင့် အခက်အခဲကို ပန်ဆိုင်းဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ (၁၁) ရက်တွင် ကိုးကန့်တပ်ဖွဲ့ တည်ထောင်ခြင်း (၃၅) နှစ်ပြည့်အဖြစ် MNDAA ထိန်းချုပ်ထားနိုင်သည့် မြန်မာ-တရုတ် နယ်စပ်တလျှောက်ရှိ မူဆယ်မြို့နယ် ပန်ဆိုင်း-ဝမ်တိန် နယ်စပ်ဂိတ်နှင့် လောက်ကိုင်မြို့နယ် ချင်းရွှေဟော် နယ်စပ်ဂိတ်တို့ကို ပြန်လည်ဖွင့်လှစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုထားသည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် စစ်ကောင်စီတို့ (၄) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်း ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် စစ်ကောင်စီ၏ အကောက်ခွန် စစ်ဆေးရေး၊ လူ၀င်မှုကြီးကြပ်ရေးတို့ကို ထားရှိမည်ဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့မှလည်း ပူးတွဲတာ၀န်ယူရန်၊ အခွန်ကောက်ခံရရှိငွေကို ညီနောင်မဟာမိတ် (၃)ဖွဲ့ကိုယ်စား ကိုးကန့်တပ်ဖွဲ့က ၇၀% ရယူပြီး စစ်ကောင်စီက ၃၀% ရယူရန် သဘောတူညီခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း နှစ်ဘက်စလုံးက ထုတ်ဖော်အတည်ပြုခြင်း မရှိသေးပေ။

Most read this week

May 17, 2024
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်တွေကြောင့်...
May 17, 2024
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မပေါက်ကွဲသည့် ဗုံးကို သွားရောက်ထိမိရာမှ...
May 16, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ကရင်နီဘက်မှရောက်ရှိလာသည့် စစ်ရှောင်များ...
May 15, 2024
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များသည် တိုက်ပွဲဆက်လက်...