ကော့ကရိတ်အနီး ကျေးရွာများမှ ဒေသခံများ၏ ရာဘာပင်များ ကို စစ်ကောင်စီတပ် မီးရှို့ ခုတ်ဖြတ်

ကော့ကရိတ်အနီး ကျေးရွာများမှ ဒေသခံများ၏ ရာဘာပင်များ ကို စစ်ကောင်စီတပ် မီးရှို့ ခုတ်ဖြတ်

ကော့ကရိတ်မြို့အနီး၊ လှိုင်ဝအခြေစိုက် စစ်ကောင်စီတပ်စခန်းကုန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စခန်းကုန်းအနီးရှိ ဒေသခံများ၏ ရာဘာပင်များကို ခုတ်ဖြတ်မီး ရှို့ရှင်းလင်းမှုများပြုလုပ်နေကြောင်း စိုက်ခင်းမီးရှို့ခံနေရသည့် ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစ၍ ဒေသခံ ရာဘာစိုက်ခင်းပိုင်ရှင်များကို အသိပေး အကြောင်းကြားခြင်းမျိုးမရှိဘဲ ၎င်းတို့ စခန်းကုန်းမှနေ၍ ရာဘာစိုက်ခင်းများကို မီးရှို့ကာ သစ်ဖြတ်စက်များဖြင့် လိုက်လံဖြတ်တောက်နေခြင်းဖြစ်ကြောင်း ကိုယ်တိုင်စိုက်ခင်းဖျက်ဆီးခံရသည့်အမည်မဖော်လိုသူ ရေလယ်ကုန်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“သူတို့စခန်းကုန်းကနေ မီးက ဆင်းလာတာ။ အဲ့ကုန်းကို မီးသွားငြိမ်းမယ်ဆို သေနတ်နဲ့လှမ်းပစ်တယ်။ အဲ့တော့ အိမ်ပါ မီးမလောင်အောင် တောထဲက ရေစုပ်စက်နဲ့ မီးငြိမ်းတားရတယ်။ သူတို့က မီးရှို့ရုံမကဘူး အပင်ပါ ခုတ်ဖြတ်လိုက်တာ။ အခု ခန့်မှန်းခြေအပင်ပေါင်း ၅၀၀ လောက်ရှိပြီး ဖျက်ဆီးခံထားရတာ ”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ စခန်းကုန်းအနီးဝန်းကျင်တွင် ဒေသခံရာဘာပိုင်ရှင် ၁၇ ဦးခန့်ပိုင်ဆိုင်သည့် ရာဘာအပင်ပေါင်း (၃၀,၀၀၀)ခန့်ရှိကာ အပင်ပေါင်း ၁၀၀၀ ကျော်မှာ မီးရှို့ ခံရ၍ မီးလောင်ပျက်စီးသွားပြီး အပင်ပေါင်း ၅၀၀ ကျော်မှာ စက်ဖြင့် ခုတ်ဖြတ်ခံထားရကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

ယခုလို မီးရှို့ ခုတ်ဖြတ် ဖျက်ဆီးနေရခြင်းမှာ ၎င်းတို့စခန်းကုန်းလုံခြုံရေးအတွက် တစ်ဖက်အဖွဲ့အစည်းများ ခိုအောင်းပြီးခြုံခိုတိုက်ခိုက်နိုင်ခြင်း မပြုနိုင်ရန် ရှင်းလင်းဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

သို့သော် စိုက်ခင်းမီးရှို့ဖျက်ဆီးခံလိုက်ရသည့်ဒေသခံ များအနေဖြင့် တစ်စုံတစ်ရာ နစ်နာကြေးပြန်လည်ပေးအပ်ခြင်းမျိုးမရှိသလို ၎င်းတို့ ခုတ်ဖြတ်ထားသည့် ရာဘာပင်များကို ဒေသခံများအား ၂ရက်အချိန်ပေး၍ သယ်ယူခိုင်းခြင်းမျိုးရှိကြောင်း နောက်ထပ်လှိုင်ဝဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ရာဘာပင်က အဖြတ်မခံရရင်တောင်မှ မီးဝင်သွားရင်တောင် ဆုံးပြီး။ မီးလောင်ရင် အဆီခမ်းပြီး ကြာရင် အပင်ကသေသွားရော။ အခုက ဘာနစ်နာကြေး မှ လည်းမပေးဘူး။ ဒါပေမဲ့ အပင်ကိုလိုချင်ရင်တော့ ၂ ရက်အချိန်ပေးတယ် သွားသယ်ခိုင်းတယ်။ ”ဟု ကေအိုင်စီ သို့ပြောသည်။

လက်ရှိအချိန်ထိ ရာဘာစိုက်ခင်းပင် ဖျက်ဆီးခံရသူ ခြံပိုင်ရှင် ၄ ဦးခန့်ရှိနေပြီး ဖြစ်ကာ ကျန်အပင်များကိုပါ ဆက်လက် မီးရှို့ ခုတ်ဖြတ်ရှင်းလင်ခြင်းကို လုပ်ဆောင် သွားရန်ရှိသေးကြောင်းလည်း အဆိုပါ ဒေသခံများက ဆိုသည်။

ခြံပိုင်ရှင်အချို့မှာ လတ်တလောတွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေကြရပြီး အချို့မှာ နေအိမ်မီးလောင် ခံလိုက်ရပြီးဖြစ်သလို ယခုလို ၎င်းတို့ပိုင်ဆိုင်သည့် ရာဘာခြံများပါ ထပ်မံမီးရှို့ခုတ်ဖြတ် ရှင်းလင်းခံကြရခြင်းလည်းဖြစ်သည်။

ကော့ကရိတ်၊ လှိုင်ဝအခြေစိုက်သည့်စခန်းတွင် တပ်မ ၂၂ လက်အောက်ခံ တပ်ဖွဲ့ ဝင်များ နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များ ပူးပေါင်း အထိုင်ချထားပြီး လက်နက်ကြီးများ အထိုင်ပြု၍ ကျေးရွာအနီးရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်နေသည့် တပ်ဖွဲ့လည်းဖြစ်သည်။

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...