ဗန်းမော်ခရိုင် မိုးမောက်မြို့နှင့် သုံးမိုင်ကျော်အကွာမှာရှိတဲ့ ကျောက်စခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၃ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ သိမ်းထားပြီ မနေ့ကလားမသိဘူး ။ စခန်းက ကေအိုင်အေ လက်ထဲရောက်သွားပြီမြို့နဲ့က တစ်မိုင်ကျော် နှစ်မိုင်လောက်ပဲရှိတာပဲကို မိုးမောက်နဲ့ ။ အဲ့ဒီကိုတော့သိမ်းသွားပြီ။ စိန်လုံသိမ်းသွားပြီ။ လွိုင်ကျယ်တိုက်မယ်လို့ပြောနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးမောက်မြို့နယ်အတွင်းရှိ တပ်စခန်းများဖြစ်တဲ့ ခမရ ၃၂၀၊ ခမရ ၃၈၇ ၊ ခမရ ၄၈၃ ၊ အမတ ၃၇၀ တို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက မတ်လအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိမှာ KIA+PDF ပူးပေါင်းတပ်များဟာ မိုးမောက်မြို့နယ်ရဲ့ အဓိကလမ်းမကြီးနှင့် ကျေးလက်ဒေသများကို ထိန်းချုပ်ထားပြီလည်းဖြစ်ပါတယ်။
မိုးမောက်မြို့နယ်ဟာ ခရိုင်မြို့ဖြစ်တဲ့ ဗန်းမော်မြို့နှင့် ၁၀ မိုင်အကွာမှာရှိပြီး တိုက်ခိုက်မယ့် သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတချို့ ရွေ့ပြောင်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
“ မိုးမောက်နဲ့ မံစီက ဗန်းမော်နဲ့ သိပ်မဝေးဘူး။ ၁၀ မိုင် ၁၁ မိုင် ၊ အဲ့ဒီနှစ်ဖက်ကလာမှာပဲလေ။ ဒီဘက်ကလည်း တာမိုင်းလုံ ၊ နမ့်ဖားတို့ ဗန်းမော်တောင်မှ ကျီးလန့်စာစားဖြစ်နေတာပေ့ါ လူတောင်မှ နည်းနည်းကုန်ပြီ။ ပိုက်ဆံရှိတဲဟာတွေဆို မန်းလေးရောက်နေပြီ ဗန်းမော်ကတော့ မသွားနိုင်တဲ့သူမသွားပါဘူး။ အခုတလောက မတိုက်တာတော့မဟုတ်ဘူး၊ နှေးတာနဲ့ မြန်တာပဲရှိတော့မှာ”လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။
ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၇ ရက်နေ့မှ စတင်ပြီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာ စခန်းပေါင်း ၆၀ ကျော်နီးပါးကို တစ်လကျော်အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ KIA ဘက်က ကြေညာထားပါတယ်။
စစ်ကောင်စီဘက်က ဗန်းမော်ခရိုင်အတွင်း တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သကပြီး တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။