စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများ ကေအဲန်ယူနယ်မြေအတွင်းသို့ ထွက်ပြေးခိုလှုံမှုများလာ

စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများ ကေအဲန်ယူနယ်မြေအတွင်းသို့ ထွက်ပြေးခိုလှုံမှုများလာ

ကေအဲန်ယူ-ကရင်အမျိုသားအစည်းအရုံး တပ်မဟာ(၅) နယ်မြေ မူတြော်(ဖာပွန်)ခရိုင်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုအတွင်း KNU နယ်မြေသို့ ထွက်ပြေးခိုလှုံသူ စစ်တပ်မိသားစုဝင်များ များပြားလာကြောင်း ကေအဲန်မူတြော်သတင်းစဉ်က ဧပြီလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တပ်မဟာ(၅)နယ်မြေရှိ ဒွယ်လိုးမြို့နယ်နှင့် ဘူးသိုမြို့နယ်မှ ကျေးရွာများကို စစ်ကောင်စီက ဗုံးကြဲ ချတိုက်ခိုက်မှုဖြစ်ပွားခဲ့သော ပြီးခဲ့သည့် ဧပြီလ(၁)ရက်နေ့တွင်ပင် ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီ တပ်မှ တပ်ဖွဲ့ဝင် မိသားစု ၄ ဦးသည်လည်း ဘေးလွတ်ရာ KNU တပ်မဟာ(၅)နယ်မြေ တစ်နေရာသို့ ထွက်ပြေးရောက်ရှိလာကြကြောင်း ထိုသတင်းစဥ်တွင် ဖော်ပြထားခြင်းဖြစ်သည်။

KNLA ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ယခုနှစ်ဆန်းပိုင်းအတွင်း နှစ်ကြာရှည် တပ်စခန်း(၃)ကိုစွန့်ခွာခဲ့ရသည့် စစ်ကောင်စီက တဖက်တွင်လည်း လေကြောင်းအသုံးပြု၍ ဖာပွန်ခရိုင် အတွင်း နေ့စဥ်ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်နေပြီး ဖာပွန်မြို့ပေါ်လေကြောင်းပစ်ခတ်မှုမှ အိမ်ထောင်စု (၅၇) စုရှိ လူဦးရေစုစုပေါင်း (၁၈၆) ဦးသည် ဘေးလွတ်ရာ KNU တပ်မဟာ(၅) နယ်မြေသို့ တိမ်းရှောင်လာကြကြောင်း KNU တပ်မဟာ(၅)၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ဖာပွန်မြို့အတွင်းရှိ ဘာသာရေးအဆောက်အဦးဖြစ်သည့် ဘုန်းကြီးကျောင်း ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် လူနေအိမ်အဆောက်အဦး (၆၀) ခန့်လည်းထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူမူတြော်သတင်းစဉ်က ဖော်ပြထားသည်။

ဧပြီလ(၁)ရက်နေ့တွင်လည်း ဒွယ်လိုးနှင့်ဘူးသိုမြို့နယ်ရှိ ထီးလော်သီထာ့၊ မယ်ကလော ၊ မယ်ညူ ၊နိုကေ ကျေးရွာများကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှင့်မောင်းသူမဲ့လေယာဉ်အမျိုးအစား ဒရုန်းများဖြင့် တိုက်ခိုက်မှုတွင် ပေါင်(၅၀၀)ဗုံးများအပါအဝင် ဗုံးဆံရေစုစုပေါင်း (၁၀၀) ထက်မနည်း ကြဲချခဲ့ကြောင်း KNU က ထည့်သွင်းထုတ်ပြန်သည်။

KNLA ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးအရှိန်မြင့်တက်လာမှုအတွင်း စစ်ကောင်စီဘက်က လက်နက်နှင့် တကွအလင်းဝင်လာသော စစ်ကောင်စီတပ်သားအများအပြားရှိနေကြောင်း KNU ဘက်က ထုတ်ပြန် ချက်များအရ သိရသော်လည်း တပ်ဖွဲ့ဝင်မည်မျှနှင့်၎င်းမိသားစုဝင်မည်မျှ ပါရှိကြောင်းကိုမူ တပ်မဟာ(၇)ခုလုံးအနေအထားဖြင့် KNU ဘက်က တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါ။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ (၅) နယ်မြေ/မူတြော်ခရိုင်၊ ဖာပွန်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ထိန်းချုပ်လိုက်ပြီးသည့်နောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းအပြင် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်လိုက်သဖြင့် ထွက်ပြေး တိမ်းရှောင် နေကြသည့် စစ်ဘေးရှောင်အချို နှင့် ဆက်သွယ်မှုမရရှိကြောင်း ဖာပွန်မြို့ခံများက ပြောသည်။

Photo: Crd.

Most read this week

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...