နေမင်းကြီးဟာ ရွာအနောက်ဘက်မှ မှိန်ဖျော့ဖျော့ ပျောက်ကွယ်သွားပြီ။ ရှမ်းနီဒေသရဲ့ ကျေးလက်ကလည်း ငြိမ်သက်လို့သွားလေရဲ့။ ပင်လည်ဘူးမြို့နယ် မန်ကုန်းကျေးရွာကလည်း တခြားကျေးလက်များအတိုင်းပင် တိတ်ဆိတ်လို့နေပါတယ်။
ညဟာ အေးချမ်းလာသလို ပိုပြီးလည်း တိတ်ဆိတ်လာပါတယ်။ ကိုအိုက်ပေါက် အိမ်ရဲ့မျက်နှာချင်းဆိုင်အိမ်မှ ကလေးငယ်သံကလွဲပြီး ကျန်တဲ့အသံဆိုတာ နတ္ထိပင်။ ကလေးငယ်ရဲ့က ငိုသံက စူးရှကျယ်လောင်လွန်းလှ၏။ ၅ အိမ်၊ ၆ အိမ် အကွာကပင် ဒီငိုသံကို ရနိုင်ပါတယ်။
ငိုသံဟာ တစ်ဖြေးဖြေးနဲ့ ပို ပိုပြီး ကျယ်လောင်လာပါတယ်။ ပို၍ ပို၍ စူးရှုလာပါတယ်။
ငိုသံကို အာရုံစိုက် နားထောင်ကြည့် မိတဲ့အခါ ကလေးငယ်ရဲ့ ဆာလောင်မှုပြင်းပြစိတ်အပြင် ဒေါသငယ်သံတွေပါ ပါဝင်နေတာကို ကြားရနိုင်ပါတယ်။
“ ဆာလောင်ချိန်မှာ အင်မတန်မှ ဒေါသကြီးတဲ့ ကလေးငယ်ပါလား” လို့ ငိုသံကို နားဆင်ရင်း မှတ်ချက်ပြုမိလိုက်ပါတယ်။
ပင်လည်ဘူးမြို့ရဲ့ ကျေးလက်ဒေသတွေဟာ အေးချမ်းသလို တစ်ရွာနဲ့ တစ်ရွာလည်း အလှမ်းဝေးကွာပါတယ်။ ခပ်ဆိုးဆိုးလမ်းခရီးကြမ်းတွေဟာ တစ်ရွာနဲ့ တစ်ရွာကြားမှာ စည်းကာထားသလို ဖြစ်ပါတယ်။
မန်ကုန်းရွာက ကိုအိုက်ပေါက်အိမ်မှာပဲ တစ်ညတာ စခန်းချရင်း နောက်ရက်မှာ အိမ်ပြန်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ရောက်ခဲလှတဲ့ ကျေးရွာတွေမို့ တစ်ရက်နှစ်ရက်ဖြင့် အလည်အပတ်ပြုရင်း ရှမ်းနီဒေသရဲ့ ကျေးလက်များအကြောင်း လေ့လာဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ရှမ်းဓလေ့မှာ စကားအဲ တဲ့အခါ ရေနွေးကြမ်းဟာ အခရာပါ။ ရေနွေးကြမ်း(လက်ဖက်ရည်ခါး) သောက်ရင်း ကလေးငိုသံအကြောင်း ကိုအိုက်ကျော်နဲ့ စကားပြန်စမိတယ်။
“ ခဏနေရင် ကလေးအမေက ပြန်လာမယ်။ အဲ့မိန်းမ ပြန်လာရင် သူ့ကလေးကို နို့တိုက်မှ ကလေးက အငိုတ်တိတ်သွားမယ်” လို့ ကိုအိုက်ပေါက်က ဆိုပါတယ်။ အပြင်သွားခါနီး ဘာလို့ မတိုက်သွားပဲ ပြန်မှ တိုက်တာလဲလို့ စကားဖြတ်ချမိလိုက်ပါတယ်။
“ ကလေးက အဲ့လိုအချိန် နို့မျိုးမစို့ဘူး”လို့ ချက်ခြင်းတုန့်ပြန်လာပါတယ်။
နို့စို့အရွယ်ကလေးက ဆာတဲ့အချိန်စို့မှာမဟုတ်လား အသွားမစို့ဘူး ၊အပြန်မှာ နို့စို့မယ့်အကြောင်း ထပ်ပြီးမေးမိပြန်တော့လည်း ကိုအိုက်ပေါက်ရဲ့ ပြောပြချင်နေတဲ့ ဇာတ်လမ်းအစထဲ မျှောဝင်သွားပါတော့တယ်။
“ ဒါဆို မိခင် ဆေးမသုံးရရင် ကလေးက နို့မစို့ဘူးပေါ့” လို့ ပြန်မေးမိလိုက်ပါတယ်။
ကိုအိုက်ပေါက် ချက်ချင်းပြန်မဖြေပါ။ ခေတ္တ ငြိမ်သက်သွားပါတယ်။ ငြိမ်သက်သွားတာကြောင့် ကလေးငယ်ရဲ့ ငိုကြွေးသံကာ ပိုမို ပီပြင် စူးရှလာသည်ကို စာရေးသူ သတိထားမိလေသည်။
ကလေးငယ်သည် ငိုရလွန်းတာကြောင့် အာခေါင်လည်ချောင်းများ ခြောက်သွေ့သွားပြီး အသံပင် ကွဲအက်သံပါလာပါတယ်။
တအောင့်လောက်အကြာ လေသံလေးလေးနဲ့ ကိုအိုက်ပေါက် ပြန်ဖြေလာတဲ့ စကားက “ …အေး..ဟုတ်တယ် …” တစ်ခွန်းတည်းပင်။
ဒီလိုနဲ့ စာရေးသူနဲ့ ကိုအိုက်ပေါက် နှစ်ယောက်တည်း စကားပြောနေကြသော်လည်း စကားအခွန်းကျဲလာပါတယ်။ စကားသံများသည် အင်အားသိပ်မပြည့်နက်လှတော့ပေ။ လက်ဖက်ရည်သာ ခပ်များများ ငှဲ့သောက်လာပါတော့တယ်။
ကလေးငိုနေတဲ့အိမ်ထဲ အမျိုးသမီးတစ်ယောက်ဝင်သွားခဲ့ပါတယ်။ သူ့အထွက်မှာ ပါဆယ်အိတ်လေးဆွဲပြီးထွက်သွားခဲ့ကာ ပြန်လာတော့ အိတ်ကမပါလာတော့ပေ။ အိုက်ပေါက်ပြောပြတဲ့ အကြောင်းနဲ့ ထပ်တူဖြစ်နေတော့ ငြိမ်သက်ပြီး ကြည့်နေလိုက်တယ်။ ငိုနေတဲ့ ကလေးငယ်လည်း တိတ်သွားခဲ့ပါပြီ။
ငိုသံ နဲ့ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်သွားပေမယ့် ဖော်ပြမတတ်တဲ့ အပူတစ်ခုကတော့ ရင်ထဲ တစ်စို့ပြီး ကျန်ရစ်နေခဲ့ပြီ။
ဒီအဖြစ်ပျက်က ၂၀၁၉-၂၀၂၀ ခုနှစ် ကိုဗစ်ကပ် ရောဂါများ ဖြစ်ပွားခါစမှာ ကြုံတွေ့ခဲ့ရသည့်အကြောင်းအရာပင်။ ၂၀၂၂ ခုနှစ် ကြားသိရ သတင်းများအရ ကလေးငယ်၏ မိခင် ဖခင် နှစ်ဦးစလုံး တစ်လတွင်း ရက်ပိုင်းသာခြားပြီး အတူဆုံးပါးသွားကြသည်ဟူ၏။
ကလေးငယ်ကလည်း အဖွားနဲ့ ဆက်နေထိုင်ပေမယ့် အဖွားလည်းဆုံးသွားပြီးတဲ့နောက် မိခင်ဘက်က ဆွေမျိုးများက ပြန်လည် ခေါ်ယူမွေးစားလိုက်သည်ဟုကြားသိရ၏။
ပင်လည်ဘူးမြို့နယ်ဟာ ရှမ်းနီဒေသတွင်း မူးယစ်ဆေးဝါး အပျံ့နှံ့ဆုံးသော ဒေသတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒေသတွင်းအဖွဲ့အစည်းတွေဟာ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်မှုတွေရှိလာပြီး မူးယစ်ဆေးဝါး ဆေးပြတ်လပ်တဲ့ဒဏ်မခံနိုင်ပဲ သေဆုံးသွားသူတွေလည်း ဒုနှင့်ဒေးပင်နေပါတယ်။
မူးယစ်ဆေးဝါးဟာ ပင်လည်ဘူးမြို့အတွင်း အမြစ်တွယ်နေဆဲဖြစ်တာကြောင့် တိုက်ဖျက်ရေးဟာ ဆယ်စုနှစ် မည်မျှကြာဆက်လုပ်ရမည်မှန်းတော့ မှန်းဆလို့မရသေးကြောင်းပါခင်ဗျာ။
မောက်ခွန်ရေးသားသည်။