လိပ်သိုဒေသတွင် စစ်ရှောင်သူမိခင်မှ လေးမွှာပူးမွေးဖွားခဲ့ပြီး ကလေး(၂)ဦးသာ အသက်ရှင်

လိပ်သိုဒေသတွင် စစ်ရှောင်သူမိခင်မှ လေးမွှာပူးမွေးဖွားခဲ့ပြီး ကလေး(၂)ဦးသာ အသက်ရှင်

ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့မြောက်ပိုင်း လိပ်သိုဒေသရှိ လမ်းကူးရွာမှ စစ်ဘေး ရှောင်မိခင်တစ်ဦး ပြီးခဲ့သည့် မတ်လ(၂၉)ရက်နေ့ ညပိုင်းက ကလေး လေးမွှာပူး မွေးဖွားခဲ့သော်လည်း မိခင်နှင့်အမွှာကလေး(၂)ဦး သေဆုံး၍ (၂)ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း နီးစပ်သူများ၏ပြောပြချက်အရ သိရသည်။

သံတောင်အထူးဒေသနယ်မြေဖြစ်သော လိပ်သိုအမှတ်(၂)ဒေသခွဲနေ အဆိုပါလေးမွှာပူးကိုယ်ဝန်ဆောင်မိခင်မှာ လမ်းကူးရွာရှိ၎င်းပိုင်ခြံအတွင်း စစ်ဘေးရှောင်နေထိုင်စဥ် ကျန်းမာရေးဆေးပေးခန်းမရှိသည့်အခြေအနေကြောင့် သာမန်လက်သည်ဖြင့်သာ ကလေးမွေးဖွားခဲ့ရသလို ကလေး(၃)ဦးမွေးအပြီး အားအင်ကုန်ခမ်း သေဆုံးခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် မိခင်ဝမ်းတွင်းကျန်သည့်ရှိ ကလေးငယ်တစ်ဦးအပါအဝင် မွေးဖွားပြီးသော အမွှာမိန်းကလေး တစ်ဦးမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်စွာမရရှိသဖြင့် မတ်လ(၃၁)ရက်နေ့တွင် ထပ်မံသေဆုံးခဲ့ရပြီး နောက်ထပ်အမွှာမိန်းကလေး (၂)ဦးသာအသက်ရှင်ကျန်ရစ်ကြောင်း နီးစပ်သူဒေသခံက ဆိုသည်။

အမည်အဖော်လိုသူအမျိုးသမီးက “ကလေးအမွှာရှိတာတောင်မသိသာဘူး။ သူ့ဗိုက်ကြီးတာကသာမန်ဗိုက်လိုပဲ ကလေးက(၃)ယောက်ထွက်ပြီးတစ်ယောက်က ဗိုက်ထဲကျန်တယ် ။ ကလေးအမေကအားမရှိတော့ဘူးလေ။ ချွေးတွေတအားထွက် နှုတ်ခမ်းတွေပါပြာလို့ တအောင့်လောက်ညှစ်ပြီး ဆုံးသွားတာပဲ ။ မွေးလိုက်နိုင်တဲ့(၃)ယောက်လုံးကတော့မိန်းကလေးတွေချည်းပါ” ဟု ၎င်းက ပြောသည်။

အဆိုပါဒေသတွင် ကျန်းမာရေးဆေးပေးခန်းမရှိသလောက်နည်းပါး၍ လမ်းခရီးကြမ်း တမ်းသဖြင့် လူအရောက်အပေါက်နည်းသလို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက လက်နက်ကိုင်ဋိပက္ခများကြောင့် ဌာနေ လူထုမှာ နေအိမ်မှအကြိမ်ကြိမ်စစ်ရှောင်နေရခြင်းလည်း ဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ကျန်ကလေးငယ်(၂)ဦးအား တောင်ငူမြို့မှပရဟိတအဖွဲ့က ခက်ခက်ခဲခဲသွား ရောက်ခေါ်ဆောင်ထားရပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သဖြင့် နေပြည်တော်ဆေးရုံသို့ ပို့ဆောင်ကုသရန်လည်းရှိကြောင်း ပရဟိတအဖွဲ့နှင့်နီးစပ်သူက ဆိုသည်။

“အဲဒီဘက်ကို နှစ်ခါလောက်ရောက်ဖူးတယ်။ လမ်းကကြမ်း ပညာရေး၊ ကျန်းမာရေးလည်း အရမ်းလိုအပ်နေတယ်။ ရွာဘက်ကလူတွေက စစ်မငြိမ်သက်တာများတော့ ခြံထဲအနေများကြတယ်။ ကျန်ခဲ့တဲ့ကလေးနှစ်ယောက်ကိုတော့ တောင်ငူပရဟိတအဖွဲ့က မနေ့(ဧပြီလ ၁ ရက်)ကမှ ခက်ခက်ခဲခဲသွားခေါ်ထားရတယ်။ ဆေးကုဖို့လိုတယ်တဲ့ အသားဝါဖြစ်တယ်လို့ပြောတယ်” ဟု အမည်မဖော်လိုသောနီးစပ်သူက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေများတွင် ပဋိပက္ခကြောင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအပါအဝင် စစ်ဘေးတိမ်းရှောင်နေရသည်တွင် ကျန်းမာရေးအဖွဲ့၊ အမျိုးသမီးအဖွဲ့များနှင့် လက်လှမ်းမမီရာအရပ်မှ စစ်ရှောင်မိခင်များအား နယ်မြေအခြေအနေကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာမပေးနိုင်ဘဲ ၎င်းတို့အတွက် အာဟာရပြည့်ဝမှုက စိန်ခေါ်မှုဖြစ်နေကြောင်း ကရင်အမျိုးသမီးအစည်းအရုံး-KWO ထံမှ သိရသည်။

ထို့အတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လပိုင်းကလည်း သံတောင်မြောက်ပိုင်း ယာဒိုဒေသသို့ စစ်တပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်(၇)ဦးထက်မနည်း စစ်ဘေးရှောင်ခဲ့ရသလို စစ်ရှောင်နေရင်းကလေးမွေးဖွားရသည်တွင် အာဟာရလိုအပ်ချက်လည်းရှိခဲ့ကြောင်း ၎င်းတို့ကိုအကူအညီပေးနေသူများက ပြောသည်။

KNU တပ်မဟာ(၂)ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သော တောအူး(တောင်ငူ)ခရိုင်တွင် KNU ၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီလပိုင်းက စာရင်းများအရ စစ်ရှောင်(၂၀,၀၀၀)သောင်းကျော်ရှိနေကြောင်း သိရပြီး စစ်ဘေးရှောင်များမှာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်အပြင် စစ်တပ်ကဆေးဝါးဖြတ်တောက်မှု၏နောက်ဆက်တွဲပါ အခက်အခဲတွေ့ကြုံရကြောင်း စစ်ရှောင်ကူများက ပြောဆိုထားသည်။

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...