တောင်ငူ-သံတောင်လမ်းပေါ် ခရီးသွားလာပြည်သူများ အကြမ်းဖက်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခြင်းများကြုံတွေ့ရ

တောင်ငူ-သံတောင်လမ်းပေါ် ခရီးသွားလာပြည်သူများ အကြမ်းဖက်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခြင်းများကြုံတွေ့ရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ်သို့ ကူးသန်းသွားလာရေးအတွက် အသုံးပြု နေရသော တောင်ငူ- သံတောင်လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်းများက ခရီးသွားလာသူ ပြည်သူ များအား စစ်ဆေးရေးလုပ်ဆောင်ရာတွင်  အကြမ်းဖက်ခြိမ်းခြောက်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုခြင်းများ လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ထိုလမ်းပေါ်ရှိ (၁၃)မိုင်စစ်ကောင်စီ ဂိတ်စခန်း၊ (၇)မိုင်၊ (၅)မိုင်၊ (၄)မိုင် စသည့် စစ်တပ် လုံခြုံရေး ဂိတ်စခန်းများတွင် စစ်တပ်အာဏာသိမ်းယူထားသည့် ၂၀၂၁ ခုနှစ်ကတည်းက ဒေသအတွင်း စစ်ဆေး ရေးတင်းကြပ်ထားခြင်းဖြစ်ပြီး ယခုမတ်လကုန်ပိုင်းတွင် ဂိတ်တာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူအား ထိုကဲ့သို့ ခပ်စိတ်စိတ်ပြုလုပ်လာနေခြင်းဖြစ်သည်။

မတ်လနောက်ဆုံးအပတ်က တောင်ငူ-သံတောင်လမ်းပေါ် ဖြတ်သန်းသွားလာသူ ယာဥ်မောင်းတစ်ဦးအား (၁၃)မိုင်ဂိတ်ရှိ စစ်ကောင်စီတပ်က အမျိုးသားများတင်ဆောင်လာသည်ဟု ဆိုကာ ကိုယ်ထိလက်ရောက် အကြမ်းဖက်ရိုက်နှက်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။

“ကားဆရာက သူ့သူငယ်ချင်း (၃) (၄) ယောက် ကားပေါ်တင်ခေါ်သွားတာ လူငယ်တွေပဲ အဲဒီမှာ စောင့်တဲ့စစ်တပ်ဂိတ်က လူစစ်တော့ စပါယ်ယာ ခေါ်လာတာအဲ့လောက်များရသလားဆိုပြီးတော့ ကိုယ်ထိလက်ရောက် ကားဆရာကိုထိုးတယ်။ တစ်ခေါက်ကလည်း သံတောင်ကြီးသာသနာရုံးက ဒေသခံတစ်ယောက် ကိုယ်တိုင်ကားမောင်းလာတာ ကားပေါ်မှာလည်းဆရာမတွေပဲပါလာတာကို အဲ့ဒီဂိတ်မှာ သူ့ကိုထိုင်ထလုပ်ခိုင်းတယ် ပိုက်ဆံ(၃)သောင်းလည်း ပေးရတယ်။” ဟု ၎င်းက ပြောသည်။

ဒေသအတွင်း ခရီးသွားလာသူများ၊ ဒေသခံများမှာ တောလမ်းခရီးကြမ်းတမ်းသဖြင့် အဆိုပါ တောင်ငူ-သံ တောင်လမ်းကိုသာ အများအားဖြင့်အဓိကထား အသုံးပြုနေရပြီး စစ်တပ်က စစ်ဆေးရေး တင်းကြပ်ရုံ မျှမက အထက်ပါအတိုင်းလူ့အခွင့်အရေးချိုးဖောက်နေသဖြင့် မလိုအပ်ဘဲအသွားအလာ မလုပ်ကြ တော့ကြောင်း သံတောင်ကြီးမြို့ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ထို့အပြင် (၄)မိုင်ရှိ စစ်ကောင်စီတပ်ဂိတ်မှလည်း အမျိုးသားအဖော်မပါဘဲ ခရီးသွား လာသူအမျိုး သမီးများအား စစ်ဆေးရေးလုပ်ဆောင်ရင်းဖြင့် လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုကြောင်း နစ်နာသူ အမျိုးသမီးများနှင့် နီးစပ်သူများက ပြောသည်။

နီးစပ်သူဒေသခံတစ်ဦးက “လေးမိုင် စစ်ကောင်စီတပ်ဂိတ်စခန်းကို အသစ်ပြောင်းလာတဲ့ ဗိုလ်က အရမ်း ရစ်တယ်။ စစ်တာလည်းကြမ်းတယ်။ သူ့ဂိတ်ကိုဖြတ်လာတဲ့မိန်းကလေးတွေဆီက ဖုန်းတွေစစ်ရင်းနဲ့ မဖွယ်မရာဗီဒီယိုတွေပြပြီး နင်ငါ့ဆီက ဒါတွေယူမလားတို့ ယူပါလားတို့ ပြောတယ်” ဟု ၎င်းက ကေအိုင်စီသို့ ဆိုသည်။

ထို့အတူ စစ်ကောင်စီက တော်လှန်ရေးအင်အားစုများ ရိက္ခာပြတ်တောက်စေရန် ရည်ရွယ်၍ အာဏာ သိမ်း(၃)နှစ်ကာလ အတောအတွင်း သံတောင်ကြီးမြို့နယ်သို့ ဆန် သယ်ဆောင်မှုကို ကန့်သတ် ထားသဖြင့် ဌာနေလူထုအတွက်သာမက စစ်ရှောင်များ၏စားနပ်ရိက္ခာလိုအပ်ချက်အတွက်ပါ များစွာအခက်အခဲရှိနေကြောင်း ဒေသခံများနှင့်စစ်ရှောင်အရေးကူညီပေးနေသူများထံမှ သိရသည်။

Photo: KIC (ပုံဟောင်း)

Most read this week

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...