ပဋိပက္ခကြားက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ကောင်းမွန်စွာပြီးဆုံးခဲ့ကြောင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာနပြော

ပဋိပက္ခကြားက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ကောင်းမွန်စွာပြီးဆုံးခဲ့ကြောင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာနပြော
KIC (ပုံဟောင်း)
KIC (ပုံဟောင်း)

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေနယ်မြေတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု လက်နက်ကြီးပစ်ခတ်မှုစသည့် ပဋိပက္ခအခက်အခဲအကြပ်အတည်းမျိုးစုံကြားက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ကောင်းမွန်စွာပြီးဆုံးအောင် လုပ်ဆောင်သွားနိုင်ခဲ့ကြောင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန KECD က ပြောသည်။

ယခုနှစ် ပညာသင်နှစ်တွင် တိုက်ပွဲအတွင်းဖြစ်စေ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်သေဆုံးရသည့်ကျောင်းကော်မတီဝင် ၊ ကျောင်းဆရာဆရာမနှင့် ကျောင်းသူကျောင်းသားများရှိပြီး ဝမ်းနည်းစရာအတွေ့အကြုံ အခက်အခဲများကြားက ပညာသင်နှစ်ပြီး ဆုံးသည်အထိ အောင်မြင်စွာကြိုးစားနိုင်ခဲ့သည်ဟု KECD ဌာနမှူး ပဒိုစောလောအယ်မူးက မတ်လ ၂၉ ရက်နေ့တွင် ကေအဲန်ယူ၏ သတင်းနှင့် ပြန်ကြားရေးဌာနသို့ ပြောဆိုထားသည်။

ထို့ကြောင့် ပညာသင်နှစ် ပြီးဆုံးသည်အထိ ကိုယ်ကျိုးမငဲ့၊ လုံခြုံရေးအတွက်မငဲ့ဘဲ ကလေးလူငယ်များ၏ အနာဂတ်အတွက် အခက်အခဲကြားမှ အနစ်နာခံ ပညာသင်ပေးသည့် ကျောင်းဆရာဆရာမ နှင့်ပညာရေးအပိုင်း ဝိုင်းဝန်းထောက်ပံ့သူအားလုံးကို ကျေးဇူးတင်နေရကြောင်းလည်း ပဒိုစောလောအယ်မူးက ပြောဆိုသည်။

“ဒီလိုအခက်အခဲတွေကြားက ပညာသင်ပေးတဲ့ဆရာဆရာမတွေ၊ ပြီးဆုံးတဲ့အထိ ကျောင်းတက်ပြီး ကြိုးစား နိုင်ခဲ့တဲ့အတွက် အောင်မြင်မှုတစ်ခုပါပဲ။  သူတို့ရဲ့လူမျိုးနဲ့ သူတို့ရဲ့တော်လှန်ရေးအတွက် အလုပ်လုပ်နေ တာ လည်းဖြစ်တယ်။ ဒါကြောင့် ပညာရေးပိုင်းမှာ ဝိုင်းဝန်းထောက်ခံပြီး ကိုယ်ကျိုးစွန့် ခဲ့ကြတဲ့သူတွေကို အရမ်း ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေယာဉ်နဲ့ဘယ်အချိန်လာပစ်မလဲ၊ ကျည်ဆံဘယ်တော့ကျမလဲ မသိဘူး။ သူတို့ရဲ့လုံခြုံရေးမငဲ့ဘဲကလေးလူငယ်အနာဂတ်ပညာရေးအတွက် အချိန်ပေးအနစ်နာခံတဲ့အတွက် ဂုဏ်ယူ အသိမှတ်ပြု ကျေးဇူးတင်ရတယ်”ဟု ပဒိုစောလောအယ်မူးက ပြောသည်။

၂၀၂၃- ၂၀၂၄ ခုနှစ်ပညာသင်နှစ်တွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနအောက်ရှိ စာသင်ကျောင်းပေါင်း ၁၄၆၇ ကျောင်းရှိကာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းရှိပြီး ကျောင်းတွင်း စာမေးပွဲ ကျင်းပနိုင်သည့်အပြင် ကော်သူးလေအစိုးရ စစ်စာမေးပွဲများလည်း အဆင့်ဆင့် ကျင်းပနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

မူလတန်းအဆင့် ကော်သူးလေအစိုးရစစ်  Grade-6 စာမေးကို ဝင်ရောက်ဖြေဆိုသူ ၆၂၅ဦး၊ အလယ်တန်းအဆင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၁၇၀၃ ဦးနှင့် အထက်တန်းအဆင့် Grade -12 ဝင်ရောက်ဖြေဆိုသူ ၁၃၃၂ဦး ရှိကြောင်း လည်း KECD စာရင်းအရ သိရသည်။

ထို့အပြင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနတိုက်ရိုက်ဦးဆောင်မှုအောက်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအပြင်  အထက်တန်းလွန်အဆင့် အငယ်တန်းကော့လိပ်ကျောင်း ၁၁ ကျောင်းရှိပြီး ကျောင်းသူ ကျောင်းသားပေါင်း ၂၉၂၆ဦးနှင့် ကျောင်းဆရာဆရာမ ၂၁၅ဦးရှိကြောင်းလည်း သိရသည်။

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...