ဝန်ချီစက်ပြိုကျမှုကြောင့် သေဆုံးသူ မြန်မာအလုပ်သမား ၆ဦးအတွက် သဘောတူထားသည့် နစ်နာကြေးဘတ် ၁၆သိန်းမှ ၅သိန်းကို လက်ခံရရှိထား

ဝန်ချီစက်ပြိုကျမှုကြောင့် သေဆုံးသူ မြန်မာအလုပ်သမား ၆ဦးအတွက် သဘောတူထားသည့် နစ်နာကြေးဘတ် ၁၆သိန်းမှ ၅သိန်းကို လက်ခံရရှိထား

ထိုင်းနိုင်ငံ၊ လယောင်(Rayong)ပြည်နယ်၊ ပလောက်ဒဲန်(Pluak Daeng)မြို့နယ်ရှိ သံမဏိစက်ရုံ၊ ဆောက်လုပ်ရေးလုပ် ငန်းခွင်၌ ဝန်ချီစက်(ကရိန်း)ပြိုကျမှုကြောင့် သေဆုံးခဲ့သူ မြန်မာအလုပ်သမား ၆ဦးအတွက် နစ်နာကြေးငွေထဲမှ ဘတ် ၅သိန်းစီကို ကနဦး ထုတ်ယူခဲ့ပြီးဖြစ်ကြောင်း ၎င်းလုပ်ငန်းခွင်ရှိ အလုပ်သမားများထံမှ သိရသည်။

အဆိုပါလုပ်ငန်းခွင်မှ မြန်မာအလုပ်သမားများ၏ ပြောဆိုချက်များနှင့် ထိုင်းသတင်းဌာနများ၏ သတင်းထုတ်လွှင့်မှုများ အရ သေဆုံးသွားသူတစ်ဦးချင်းစီအတွက် ဘတ် ၁၆သိန်းစီပေးရန် အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် သဘောတူညီခဲ့ကြ ပြီး ကျန်ရှိသေးသည့် ဘတ် ၁၁သိန်းစီကို သုံးလအတွင်း ဆက်လက် ထုတ်ပေးသွားမည်ဟုလည်း ဖော်ပြထားသည်။

မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ - JACBA ဥက္ကဌ ဦးမိုးကြိုးက “ဘာပဲပြောပြော အလုပ်ရှင်က ထိုင်းဥပ ဒေပါ လျော်ကြေးဥပဒေကို အပြည့်လိုက်နာနိုင်တယ်။ ထိုင်းဥပဒေမှာတော့ လုပ်ငန်းခွင်မှာ မတော်တဆဖြစ်ပြီး သေဆုံး ရင် တစ်ဦးကို အနည်းဆုံး ၁၅သိန်း အထိပေးရမယ်။ ဖြစ်စဉ်ပေါ်မှာ မူတည်ပြီးတော့ ၁သိန်းက ထပ်ဆောင်းငွေ ဖြစ်တာ ပေါ့။ ဘာပဲပြောပြော ၂၀၂၄ခုနှစ်မှာ လုပ်ငန်းခွင် မတော်တဆမှုကြောင့် အသက်ဖိုးလျော်ကြေး ပြန်ရတဲ့ အလုပ်သမား တွေထဲမှာ (ငွေ)အရေအတွက် အများဆုံးလို့ ပြောလို့ရတယ်။”ဟု မှတ်ချက်ပြု ပြောဆိုသည်။

အဆိုပါ အသက်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများမှာ ရဲကို၊ စိုးကိုကို၊ အောင်ကိုမင်း၊ စန်းဝင်းအောင်၊ မျိုးခိုင်ဦးနှင့် စိုးစိုးဦးတို့ ဖြစ်ကြသည်ဟု အလုပ်သမားများအရေး ကူညီဆောင်ရွက်သူများ၏ ပြောဆိုချက်များအရ သိရသည်။

အလုပ်သမား ၃၀၀၀ခန့်ရှိသည့် သံမဏိစက်ရုံလုပ်ငန်းခွင်ထဲတွင် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့် က စက်ရုံ၏ ဆောက်လုပ်ရေးလုပ်ငန်းနေရာမှ ဝန်ချီစက်(ကရိန်း)မှာ ပြုတ်ကျခဲ့သဖြင့် စက်မောင်းသူ တရုတ်လုပ်သား နှင့် မြန်မာလုပ်သား ၆ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားသည့် ညနေပိုင်းတွင် ကယ်ဆယ်ရေးသမားများက သေဆုံးသူများ၏ ရုပ်အလောင်းကို ထုတ်ယူခြင်းကို ၎င်းသံမဏိစက်ရုံရှိ အလုပ်သမားများက တားဆီးပိတ်ဆို့ထားခဲ့ပြီး နစ်နာကြေးဘတ်သိန်း ၂၀စီပေးရန် တောင်းဆိုဆန္ဒ ပြမှု ဖြစ်ပွားခဲ့သေးသည်။ ထို့နောက် ထိုင်းရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး ဆန္ဒပြမှု အခြေအနေကို ထိန်းထားပေးခဲ့သလို Myanmar Humanitarian Action Center - MHAC တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ပေးခဲ့သည်။

“တစ်ယောက်ကို ဘတ်ငွေ ၁၆ သိန်းပါ။ ၅ သိန်းကိုတော့ အခင်းဖြစ်တဲ့ညမှာပဲ ထုတ်ပေးလိုက်ပြီ။ ကျန်တဲ့ ၁၁သိန်းအ တွက် သုံးလအတွင်း ထုတ်ပေးမယ်ဆိုပြီး မြန်မာစာနဲ့ စာရွက်ထဲရေးထားတာက ကုမ္ပဏီတံဆိပ်၊ အလုပ်ရှင်လက်မှတ် တွေ၊ သက်သေတွေ မပါဘူးဆိုတော့ အလုပ်သမားတွေက လက်မခံဘူး။ အဲဒီတော့ MHAC အဖွဲ့က ကြားဝင်အကျိုး ဆောင် ညှိနှိုင်းပေးပြီး စာရွက်စာတမ်း အခိုင်အမာနဲ့ ပြန်ချုပ်တဲ့အတွက် အလုပ်သမားတွေ လက်ခံသွားကြတယ်။”ဟု MHAC အဖွဲ့မှ ကိုရဲမင်းက ကေအိုင်စီသို့ ပြောသည်။

အခင်းဖြစ်ပွားနေရာသည် သံမဏိစက်ရုံဖြစ်ကြောင်း ပလောက်ဒဲန်ရဲစခန်းမှ ရဲမှူးချုပ် ချိုင်ဖန်ဆိုင်းဖုန်းချိုင်းက Thai PBS သတင်းတွင် ပြောဆိုထားသည်။

လုပ်ငန်းခွင်ထဲရှိ အလုပ်သမားတစ်ဦးက “အထောက်အထားမဲ့တဲ့သူတွေကို အလုပ်မဆင်းခိုင်းလို့ အခု ကျန်တဲ့သူတွေပါ အလုပ်မဆင်းတော့ဘူး။ ရဲတွေလည်း ဝင်ဖမ်းမယ်ပြောနေလို့ ကိုယ့်အဆောင် ကိုယ် ပြန်ကြကုန်ပြီး။ ကျနော်လည်း ဒီအလုပ်ကိုရောက်တာ ၁၅ရက်ပဲ ရှိသေးတယ်။ ဒီလိုဖြစ်တော့ အိမ်တောင်ပြန်ချင်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုစက်ရုံတွင် ယခင်ကလည်း လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်ကာ အလုပ်သမားသေဆုံးမှု နှစ်ကြိမ် သုံးကြိမ်ရှိခဲ့ ကြောင်း၊ မြန်မာအလုပ်သမား အများစုမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းများရှိသော်လည်း အလုပ်ရှင် များက အလုပ်သမားများကို လက်ဝယ်ကိုင်ဆောင် သိမ်းဆည်းထားခွင့် မပေးခဲ့ကြောင်း အလုပ်သမားအရေး ဆောင် ရွက်နေသူများနှင့် စက်ရုံအလုပ်သမားများထံမှ သိရသည်။

ထိုလုပ်ငန်းခွင်အတွင်း အသက်သေဆုံးသွားသည့် အလုပ်သမားများ လျော်ကြေးငွေ အပြည့်အဝရရှိရန်အတွက် ထိုင်းအ လုပ်သမားဝန်ကြီးဌာန အလုပ်သမားဉီးစီးအရာရှိနှင့် ဒေသဆိုင်ရာ အလုပ်သမားအရာရှိ၊ ထိုင်းနိုင်ငံဆိုင်ရာ အလုပ် သမားသံအရာရှိရုံး၊ WAGs အဖွဲ့၊  MHAC အဖွဲ့၊ ဒေသဆိုင်ရာ ထိုင်းလူ့အခွင့်အရေးရှေ့နေအချို့နှင့် ထိုင်းနိုင်ငံအရှေ့ပိုင်း ထိုင်းအလုပ်သမားသမဂ္ဂတို့က လိုက်လံ အကျိုးဆောင်ပေးလျက်ရှိသည်ဟု သိရသည်။

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...