မွန်ပြည်နယ်တွင် ရပ်ကွက်ထောက်ခံစာပါမှသာ ကားလက်မှတ်ရောင်းချပေး

မွန်ပြည်နယ်တွင် ရပ်ကွက်ထောက်ခံစာပါမှသာ ကားလက်မှတ်ရောင်းချပေး
Photo: CJ
Photo: CJ

မွန်ပြည်နယ်အတွင်းရှိ ကားဂိတ်များတွင် ခရီးဝေးသွားလာမည့်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက် ထောက်ခံစာပြနိုင်မှသာလျှင် ကားလက်မှတ်ရောင်းချပေးကြောင်း ဒေသခံများက ပြောသည်။

ယခုမတ်လ(၂၀)ရက်နေ့မှ စတင်ပြီး အဝေးပြေးကားဂိတ်များတွင် သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာ ပြနိုင်မှသာလျှင် ကားလက်မှတ်ရောင်းချပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားမှုများပြုလုပ်ထားကြောင်း အမည်မဖော်လိုသူ မော်လမြိုင်မြို့ခံတစ်ဦးကပြောသည်။

၎င်းက “ပြီးခဲ့တဲ့ အပတ်ကစပြီးတော့ ရပ်ကွက်ထောက်ခံစာမဖြစ်မနေပြမှ ကားလက်မှတ်ဝယ်လို့ရတယ်။ ထောက်ခံစာ ကလည်း လွယ်လွယ်နဲ့လုပ်လို့မရတဲ့အခြေအနေ။ လူငယ်တွေ နိုင်ငံခြား ထွက်တာများနေတော့ အခုလိုတွေ တင်း ကြပ်လိုက်တာ။ အဝေးပြေး ဂိတ်တွေကိုပဲ ညွှန်ကြားသွားတာ။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ဒေသခံများ အနေဖြင့် ကားလက်မှတ်ဝယ်ယူရာတွင် ရပ်ကွက်ထောက်ခံစာ မဖြစ်မနေယူဆောင် လာရ သည့်အပြင် ခရီးသွားမှတ်တမ်းထဲကိုပါဖြည့်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ညွှန်ကြားထားကြောင်း အဝေး ပြေးကားဂိတ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

အဆိုပါ ခရီးသွား မှတ်တမ်းဖြည့်ရာတွင်လည်း အမည်၊ အဖနာမည်၊ မှတ်ပုံတင်နံပါတ်၊ အမြဲတမ်း နေရပ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် ခရီးသည်သွားရောက်မည့် နေရာအပြည့်အစုံကို ဖြည့်သွင်းရကြောင်း ၎င်းဒေသခံက ပြောသည်။

“မွန်ပြည်နယ်တဝိုက်ဘဲဆိုရင်တော့ မှတ်ပုံတင်နဲ့သွားလို့ရတယ်။ တခြားဝေးတဲ့နေရာတွေဆိုရင်တော့ ထောက်ခံ စာလိုတယ်။ အရင်ကဆို မှတ်ပုံတင်မပါလည်း သွားလို့ရတယ်။ ဒါက လူတိုင်းသိတယ်။ အခုကျမှ ထောက်ခံစာ တွေရော၊ ခရီးသွားမှတ်တမ်းတွေရော အကုန်ဖြည့်ရတယ်။” ဟု ထိုဒေသခံက ဆက်ပြောသည်။

အလားတူ မော်လမြိုင်မြို့ပေါ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့ဝင် များက ညအချိန် အပြင်ထွက်သည့်လူငယ်များကို အဓိက ပစ်မှတ်ထား ဖမ်းဆီးနေပြီး ငွေညှစ် ခြိမ်းခြောက်မှု များလုပ်ဆောင်နေကြောင်းလည်း ကိုယ်တိုင်ဖမ်းဆီးခံခဲ့ရသည့် လူငယ်များနှင့် နီးစပ်သူများက ပြောသည်။

Most read this week