ကော့ကရိတ်၊ ကော့ဘိန်းကျေးရွာ စစ်ကောင်စီ ရဲကင်းစခန်းနေရာအား တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်၊ အယောက် ၂၀ ကျော်အလံဖြူထောင်လက်နက်ချ

ကော့ကရိတ်၊ ကော့ဘိန်းကျေးရွာ စစ်ကောင်စီ ရဲကင်းစခန်းနေရာအား တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်၊ အယောက် ၂၀ ကျော်အလံဖြူထောင်လက်နက်ချ
Credit : ဒွက်မန် အနုသုခုမဂတာပ်ခေတ်
Credit : ဒွက်မန် အနုသုခုမဂတာပ်ခေတ်

ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲထားသည့် ရဲကင်းစခန်းအား ယနေ့ မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေး တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၂၄ ရက်ကတည်းက စတင်ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှ ယနေ့ မတ်လ ၂၅ ရက် နေ့လည် ၁ နာရီ ၄၅ မိနစ်အချိန်တွင် KNLA မဟာမိတ်ပူးပေါင်းတပ်၊ မွန်တော်လှန်ရေးတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက် လက်ရ သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်နှင့် ရဲစုစုပေါင်း အယောက် ၂၀ ကျော် လက်နက်ချခဲ့သည်ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

၎င်းသတင်းအရင်းအမြစ်က " စစ်တပ်က ၂၀ နဲ့ ရဲက ၃ ယောက် လက်နက်ချတယ်။ အလံဖြူထောင်တယ်ဆိုပြီး ကနဦး သိရတယ်။ လက်နက်တွေ သိမ်းရတယ်။ စိစစ်နေတဲ့ အခြေအနေပါပဲ၊ လေယာဉ်က မနေ့ကရော၊ ဒီနေ့ရော လာပစ်နေလို့ တိုက်ပွဲက တစ်ရက်ကြာသွားတယ်။ အထ္ထရံမြစ်နဲ့ ဂျိုင်းမြစ်ဘက်က စစ်သင်္ဘောတွေကလည်း လက် နက်ကြီးနဲ့ ပစ်တော့ ရွာသားတွေ၊ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေထိကုန်တော့ မီးလာင်ပျက် စီးတာ တွေရှိတယ်။ လူထုကြားထဲက စစ်တိုက်ရတာ တော်တော်လေး ထိန်းပြီး တိုက်ခိုက်ရတယ်" ဟု ပြောသည်။

လက်ရှိတွင် ကော့ဘိန်းရွာ၊ သရဏာရွာ၊ မင်းရွာ၊ ကော့ပေါက်ရွာဘက်သို့ စစ်ကောင်စီတပ် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဘက်မှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် အရပ်သားထိခိုက်မှုမရှိစေရေး ကူညီ ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေကြောင်း ဒေသတွင်း ကျေးရွာလူမှုကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။

" ရွာသားတွေက အိမ်တွေခြံတွေထဲ ပိတ်မိနေကြတယ်။ အခုတော့ ရသလောက် ကော့ပေါက်ဘုန်းကြီးကျောင်း၊ မင်းရွာဘုန်းကြီးကျောင်းဘက်ကို ရွှေ့ကယ်ပေးနေတယ်။ ကော့ကရိတ်ဘက်လည်း ထွက်မရ၊ မော်လမြိုင်ဘက် လည်း ထွက်မရလမ်းတွေ ပိတ်ချထားတော့ ရွာသားတွေကို အကာအကွယ်ကောင်းမယ့် နေရာ တွေကို ရွှေ့ပေး နေတယ်။ အကုန်လုံးက လေယာဉ် ဗုံးကြီး ကြဲမှာပဲကြောက်နေကြတယ်" ဟု မင်းရွာ လူမှုကူညီရေးလုပ်ဆောင် နေသူက ပြောသည်။

လက်ရှိတွင် စစ်တပ်လေကြောင်းက ပစ်ခတ်တိုက်ခိုက်နေဆဲအခြေအနေ ဆက်ရှိနေပြီး မြေပြင် စစ်တပ် စစ် ကြောင်းများ စစ်ကူလာရောက် တိုက်ခိုက်နိုင်မှုမရှိစေရေး မွန်ဒေသတွင်း ကျေးရွာချင်းဆက်လမ်း ပိုင်းများတွင် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့၊ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းနယ်မြေရှင်းလင်းရေး နှင့် လုံခြုံရေးစစ်ကြောင်းများ လှည့်ပတ်ကင်းလှည့်နေကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...