တိုက်ပွဲအတွင်း ရှေ့တန်းပို့ခံရသည့် မွတ်ဆလင် ရာနီးပါးသေဆုံးမှု ရက္ခိုင့်တပ်တော်အတည်မပြု

တိုက်ပွဲအတွင်း ရှေ့တန်းပို့ခံရသည့် မွတ်ဆလင် ရာနီးပါးသေဆုံးမှု ရက္ခိုင့်တပ်တော်အတည်မပြု
အခင်းဖြစ်ပွားခဲ့သည်ဟု ပြောဆိုနေကြသည့် အငူမော်ဆိပ်ကမ်း/ ပုံဟောင်းသာ
အခင်းဖြစ်ပွားခဲ့သည်ဟု ပြောဆိုနေကြသည့် အငူမော်ဆိပ်ကမ်း/ ပုံဟောင်းသာ

စစ်မှုထမ်းရန် စေခိုင်းခံရပြီးနောက် ရှေ့တန်းပို့ခံရသည့် မွတ်ဆလင် ၇၀ ကျော်မှ ၁၀၀ နီးပါးအထိ ရသေ့တောင်မြို့နယ် အငူမော်တွင် တိုက်ပွဲဖြစ်၍ သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး အတည်မပြုနိုင်ကြောင်း ရက္ခိုင့်တပ်တော်( AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

“  တချို့ သတင်းတွေမှာ ၇၀ ကျော်၊ တချို့သတင်းတွေမှာ ၉၀ ကျော်သေတယ်လို့ သတင်းတွေ တက်နေတာကို တွေ့ရတယ်။ ဒီလိုဖြစ်စဉ်မျိုးမရှိဘူး။  ရသေ့တောင်မြို့ မှာ တိုက်ပွဲအတွင်းမှာတော့ သေဆုံးသူတချို့တော့ရှိတယ်။ ဒါလည်း ဆယ်ဂဏန်းလောက်ဘဲ ရှိပါလိမ့်မယ်”ဟု ဦးခိုင်သုခက ပြောဆိုသည်။

အခုရက်ပိုင်း ရသေ့တောင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းသို့ ရက်တို စစ်သင်တန်းပေးပြီး စစ်တိုက်ရန် ခေါ်ယူလာသည့် မွတ်ဆလင်လူငယ် တချို့ကို တွေ့ရပြီး တိုက်ပွဲအတွင်း ကျဆုံးသူ အချို့ရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“ အခု စစ်ကောင်စီက မွတ်ဆလင်လူငယ်တွေကို ရက်တိုသင်တန်းပေးပြီး ရသေ့တောင်မြို့ တိုက်ပွဲတွေကို စေလွှတ်တာတွေရှိနေတယ်။ တိုက်ပွဲတွေအတွင်းမှာ အလောင်းတချို့တွေအထဲမှာ သူတို့ အလောင်းတွေကို ဖမ်းဆီးသိမ်ဆည်းရမိတာတော့ ရှိတယ်” ဟု ဦးခိုင်သုခက ပြောဆိုသည်။

အာရ်အက်ဖေ( မြန်မာပိုင်း) တွင် “ မတ်လ ၁၂ ရက်နေ့မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲဖြစ်နေတဲ့ ရသေ့တောင်မြို့နယ် အငူမော်အနီး ရိုဟင်ဂျာဒုက္ခသည် ၁၂၀ ကျော်ပါတဲ့ စက်လှေကို နေရာပြောင်းရွှေ့နေစဥ်မှာ AA က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ရိုဟင်ဂျာအရေး ကူညီသူတွေက ပြောပါတယ်” ဟု ရေးသားဖော်ပြထားသည်။

၎င်းသတင်းနှင့် ပတ်သက်ပြီး နေရာပြောင်းရွှေ့သည့် ဒုက္ခသည်များ လိုက်ပါလာသည့် စက်လှေကို တိုက်ခိုက်ခြင်းမျိုး လုံး၀ မရှိကြောင်း ဦးခိုင်သုခက ဆက်လက်ပြောဆိုသည်။

“ ဒီလိုမျိုး ဒုက္ခသည်တွေကို ပြောင်းရွှေ့တဲ့ စက်လှေကို တိုက်ခိုက်တယ်ဆိုတဲ့ ဖြစ်စဉ်မျိုးလုံး၀ မရှိဘူး။ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့  ဒီသတင်းကို ချဲ့ကားရေးသားတယ်ဆိုတာ သူတို့ဘဲ သိပါလိမ့်မယ်။ ဘယ်ဒုက္ခသည် စက်လှေကိုမှ အငူမော်နားမှာ ပစ်ခတ်တာမျိုး မရှိပါဘူး” ဟု ပြောကြားသည်။

ရသေ့တောင်မြို့နယ် အငူမော်မှ မေယုတောင် အရှေ့ဘက်ခြမ်း ဘူးသီးတောင်အထိ ရက္ခိုင့်တပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားသလို မေယုတောင် အနောက်ခြမ်း အငူမော်မှ မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်အထိ နယ်မြေများကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည်မှာ မေယုမြစ် အရှေ့ခြမ်း ရသေ့တောင်မြို့ပေါ်တွင် ဖြစ်ပွားနေခြင်း ဖြစ်ပြီး မေယုမြစ်အနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး  ရခိုင်ပြည်ထဲမှ မွတ်ဆလင်ဒုက္ခသည်များကိုလည်း စစ်မှုထမ်းရန် အတင်းအကျပ်ဖိအားပေးကာ ဖမ်းဆီးခေါ်ယူမှုများ ရှိနေကြောင်းသိရသည်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ဘူးသီးတောင်၊ မောင်တော၊  ကျောက်ဖြူ နှင့်စစ်တွေဘက်တို့ တွင် မွတ်ဆလင် လူငယ်များကို အတင်းအကျပ် ဖမ်းဆီးပြီးတော့ စစ်သင်တန်း ပေးနေပြီး ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း ဒေသခံမွတ်ဆလင်များက ပြောကြားသည်။

Most read this week

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...