အရှေ့တောနယ်ဒေသတွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်အထိ ရှိလာ

အရှေ့တောနယ်ဒေသတွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်အထိ ရှိလာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဒေသတွင် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံစုစုပေါင်း (၁၀,၀၀၀)ကျော်ထိရှိလာကြောင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေသည့် ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။

အရှေ့တောနယ်ဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကြား စတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ကထောင်းနီ၊ မေတ္တာနှင့် ရွှေအိုင်စသောကျေးရွာများမှ ဒေသခံပြည်သူ ၇၀၀၀ ကျော် ထပ်မံစစ်ဘေးရှောင်ကြရသည့်အတွက် ယခုလအတွင်း စစ်ဘေးရှောင်ဦးရေ (၁၀,၀၀၀)ကျော် ထိရှိလာပြီးဖြစ်ကြောင်း ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ခံ ကိုယောနသံက ပြောသည်။

၎င်းက “အခုဆိုရင် စစ်ဘေးရှောင် တစ်သောင်းကျော်ရှိပါတယ်ဗျ။ အခုကာလနဲ့ဆိုရင် စစ်ဘေးရှောင် ရတာ တစ်လဝန်းကျင်ရှိနေပြီ။ အခုကအမြဲတမ်း စစ်ဘေးရှောင်ထက် ယာယီစစ်ဘေးရှောင်က ပိုများလာတယ်။ ယခင်က ထားဝယ်အရှေ့တောနယ်မှာ ဒီလောက်အထိ စစ်ဘေးရှောင်ဦးရေ တစ်ခါမှ မရှိခဲ့ဖူးပေမယ့် အခုတစ်ကြိမ်မှာက လေကြောင်းတိုက်ခိုက်မှုလည်း လုပ်လာတယ်။ တိုက်ပွဲကလည်း ယခင်ဖြစ်ပွားခဲ့ဖူးတဲ့ တိုက်ပွဲတွေထက်ပိုပြီး ပြင်းထန်တာကြောင့် စစ်ဘေးရှောင်ဦးရေက အခုလို တဟုန်ထိုး ထိုးတက်သွားတာ ဖြစ်ပါတယ်ဗျ။”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် ကျန်းမာရေး ပြုစုစောက်ရှောက်မှုအပြင်အမိုးအကာများ နေရာထိုင်ခင်းလိုအပ်ချက်များ အရေးပေါ်လိုအပ်လျက်ရှိနေပြီး စစ်ဘေးရှောင် ကာလအချိန်ကြာ လာသည်နှင့်အမျှ စားနပ်ရိက္ခာများလည်း ပိုမိုလိုအပ်လာကြောင်း စစ်ရှောင်နေသူများထံမှ သိရသည်။

ထို့အပြင် ဒေသခံစစ်ရှောင်ပြည်သူများအနေဖြင့် လေကြောင်းရန်အပြင် စစ်ရေးစစ်ရာနှင့်ပတ်သက်၍ ပြည်သူများ လိုက်နာရမည့် အသိပညာပေးအစီအစဉ် လုံလုံလောက်လောက် မရရှိသေးသည့် အခြေအနေတွင် လေကြောင်းမှ လာရောက်တိုက်ခိုက်မှု ပြုလုပ်သည့်အခါ ထိခိုက်မှုများလည်းရှိနေကြောင်း ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့တာဝန်ခံက ဆက်ပြောသည်။

စစ်ရှောင်ဒေသခံတစ်ဦးကလည်း “အခုလက်ရှိမှာက စစ်ဘေးရှောင်နေရတုန်းပဲ။ အင်တာနက် လိုင်းလည်းစဖြစ်တဲ့ရက်ကစပြီး ဖြတ်တောက်ခံထားရတယ်။ အိမ်သာတက်တာက အစ ဒုက္ခ ရောက်ရတယ်။ ပြီးတော့ ဆန်တွေကတော့ အဓိကလိုအပ်ချက်ပေါ့။ ဘယ်မှလည်း သွားမရသေးဘူး။  မိုင်းအန္တရာယ် လည်းရှိသေးတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

လက်ရှိတွင် စစ်ရှောင်များအား အကူအညီပေးသည့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် စစ်ဘေးရှောင် ပြည်သူများအတွက် ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးခြင်းနှင့် လေကြောင်းရန်ကာကွယ်ရေးအပြင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်မှုအန္တရာယ်နှင့် မိုင်းအန္တရာယ်နှင့်ပတ်သက်သော ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးလျက်ရှိကြောင်း၊ အရှေ့တောနယ်ဒေသ နေရာဒေသအသီးသီးရှိ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့အကူအညီများပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောသည်။

Photo: ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့

Most read this week

October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...