စစ်တွေတွင် လက်နက်ကြီးကျည်ကျ၍ စနစ်သစ်‌တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသား ၁ ဦးနှင့်‌ ကျောင်းသူ ၁ ဦးတို့ ဒဏ်ရာရ

စစ်တွေတွင် လက်နက်ကြီးကျည်ကျ၍ စနစ်သစ်‌တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသား ၁ ဦးနှင့်‌ ကျောင်းသူ ၁ ဦးတို့ ဒဏ်ရာရ

ရခိုင်ပြည် ၊စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာအတွင်း စစ်‌ကောင်စီမှပစ်ခတ်လိုက်သော လက်နက်ကြီးကျ၍ စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ ဖြေဆိုနေသည့်  ကျောင်းသား ၁ဦးနှင့် ကျောင်းသူ ၁ ဦးဒဏ်ရာရရှိကြောင်းသတင်းရရှိသည်။

စစ်တွေမြို့နယ်၊ ပါဒလိတ်၊ အမှတ် (၇)အခြေခံ ပညာအထက်တန်းကျောင်းအနီးကို မတ်လ ၁၁ ရက် နေ့လယ် ၁၂နာရီ အချိန်ခန့်က လက်နက်ကြီးကျည်တစ်လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ကျည်စသည် ကျောင်းပြတင်းပေါက်တွင် စဉ်ကျလာကာ စာမေးပွဲဖြေဆိုနေသည့် ‌ကျောင်းသားနှင့် ကျောင်းသူတို့အား ထိမှန်သွားခဲ့သည်ဟု စစ်တွေဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

"  ပစ်တာက နေဗီကလား၊ တပ်ကလားမသိဘူး။ ကျောင်းနဲ့ ပေ ၃၀အကွာမှာကျတာ ပြတင်းပေါက်မှန်ကို ဖေါက်ပြီး ဝင်သွားတယ်။  စာမေးပွဲအချိန်‌ စေ့လို့ ခေါင်းလောင်းထိုး‌ နေတဲ့အချိန် သူတို့ကအခန်းထဲက မထွက်သေးဘူး' ဟုပြောသည်။

ကျောင်းသူတွင် နဖူးတွင်ဒဏ်ရာရရှိပြီး ကျောင်းသားထံတွင် ခါးနားတွင်ဒဏ်ရာရရှိသွားသည်ဟု စစ်တွေဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" မိန်းကလေး နဖူးကွဲတယ်။ ယောက်ျားလေးက မိန်းကလေးထက်ဒဏ်ရာပိုများတယ်။ သူတို့ မိဘတွေက စစ်တွေမြို့ပေါ်မှာ ထပ်ဖြေခွင့်တောင်းတယ်တဲ့ " ဟုပြောသည်။

ထိခိုက်ရရှိသူများကို စစ်ကောင်စီ၏နယ်မြေခံ တပ်ဆေးရုံ ကုတင်(၁၀၀)သို့ ပို့ဆောင်ထားကြောင်းသိရသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကို ရက္ခိုင့်တပ်တော်(AA)မှပစ်ခတ်ခြင်းဖြစ်ပြီး စာမေးပွဲဖြေဆို၍ ပြန်လာသည့် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတွင် ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီ၏  မတ်လ ၁၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ပါဒလိတ်ကျေးရွာအနီးတွင်  စစ်ကောင်စီ၏ ၂၃၂ တပ်အပါအဝင် ၃၄၄ တပ်နှင့် ပညာရေး(၁ဝ) လေ့ကျင့်ရေးတပ်များရှိသည်။

စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့မတ်လ ၁၁ရက်နေ့မှ ၁၉ ရက်နေ့ထိ မြန်မာနိုင်ငံတွင် စတင်ကျင်းပနေကြောင်းသိရသည်။

Most read this week

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...