ဒေါ့ဖုန်းယန်မြို့တွင်းအခြေစိုက် ခလရ ၁၄၂ တပ်စခန်း အလံဖြူထောင် လက်နက်ချ

ဒေါ့ဖုန်းယန်မြို့တွင်းအခြေစိုက် ခလရ ၁၄၂ တပ်စခန်း အလံဖြူထောင် လက်နက်ချ

မြစ်ကြီးနား - ဗန်းမော်ကားလမ်းမပေါ် ၊ စစ်ကောင်စီတပ်ရဲ့ ဒေါ့ဖုန်းယန် (Hangkai Bum) ခလရ ၁၄၂ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA က ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက မတ် ၇ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခဲ့ရာမှာ မတ်လ ၈ ရက်နေ့ ဒီကနေ့ မနက်မှာပဲ စစ်ကောင်စီတပ်တွေဘက်က အလံဖြူထောင် လက်နက်ချခဲ့တာကြောင့် KIA သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

“တပ်စခန်းတွေကို မီးရှို့ဖျက်ဆီးလိုက်ပြီ။ အဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကလည်း အလံဖြူထောင် လက်နက်ချလိုက်တာဖြစ်တဲ့အတွက် တပ်စခန်းအထဲမှာရှိတဲ့ တပ်သားတွေနဲ့ လက်နက်ပစ္စည်းတွေကို ကားနဲ့သယ်ယူဖို့ စီစဉ်နေကြပြီ” လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ယောက်က ပြောပါတယ်။

KIA တပ်တွေက ဒေါ့ဖုန်းယန် တပ်စခန်းကို မနေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တပ်စခန်းအနီးတဝိုက် စလောင်ကောင့် (ဒေသခေါ်) အထိသာရောက်နိုင်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်ကနေ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

KIA က ဒေါ့ဖုန်းယန်တပ်စခန်းကို သိမ်းပိုက်နိုင်တယ်လို့ ဆိုပေမယ့် ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားအရေအတွက်နဲ့ လက်နက်ခဲယမ်း အသေးစိတ်ကို မသိရသေးပါ။

ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်စခန်းဟာ မြစ်ကြီးနား - ဗန်းမော်ကားလမ်းမပေါ် ဒေါ့ဖုန်းယန် မြို့တွင်းတပ်စခန်းဖြစ်ပြီး ဧက ၂၀ လောက်အကျယ်အဝန်းနဲ့ စစ်အင်အား ၁၀၀ ကျော်လောက်ဖြင့် နှစ် ပေါင်း ၃၀ ကျော်အကြာတပ်ချထားတဲ့ တပ်စခန်းအကြီးတစ်ခု ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတပ်စခန်းက ဒေါ့ဖုန်းယန်အထက် KIO လိုင်ဇာအနီးတဝိုက်ရှိတဲ့ ဖွန်းပရန်ဘွမ့် (Hpunpyen Bum)၊ ခယာဘွမ့် (Hkaya Bum) နဲ့ အင်းတပ့်ဘွမ့်(Ntap Bum) စတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းနေရာတွေနဲ့ ရှေ့တန်းတပ်စခန်းများစွာရှိတဲ့ နေရာတွေမှာ စစ်ရိက္ခာသည်ပို့ပေးနေတဲ့ တပ်စခန်းအကြီးတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းဟာ မြစ်ကြီးနား - ဗန်းမော်ကားမတစ်ကြော စစ်တပ်ရဲ့ စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ဒေါ့ဖုန်းယန် ဒေသခံအမျိုးသားတစ်ယောက်က အခုလို ပြောပါတယ်။

“ဒီတပ်စခန်းက KIO လိုင်ဇာ အနီးတဝိုက်မှာရှိတဲ့ စစ်တပ်ရဲ့ တပ်စခန်းတွေထဲက အကြီးဆုံးတပ်စခန်းလို့ ပြောလို့ရတယ်။ ဒီတပ်စခန်းကနေတဆင့် အင်အားတွေစုပြီးတော့ အထက်မှာရှိတဲ့ ခယာဘွမ့်၊ ဖွန်းပရန်ဘွမ့်ဘက်ကို စစ်အင်အား ၊ ရိက္ခာတွေသယ်ပို့ပေးနေတာဖြစ်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ KIA တပ်ဘက်နေ ဒေါ့ဖုန်းယန်တပ်စခန်း သိမ်းပိုက်နိုင်တာနဲ့ ပတ်သက်ပြီး ရှေ့တန်း KIA သတင်းအရင်းအမြစ်က အတည်ပြုပြောဆိုခဲ့ပေမယ့် ထပ်မံအတည်ပြုနိုင်ဖို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့ကနေစတင်ပြီးတော့ မြစ်ကြီးနား - ဗန်းမော်လမ်းမကြီးတစ်လျှောက် နှစ်ကြာရှည် တပ်ချထားတဲ့ ခယာဘွမ့်၊ ဖွန်းပရန်ဘွမ့်၊ အင်တပ့်ဘွမ့်၊ နောင်ကွန်မြှောပ်တပ်၊ နွမ့်လန့်၊ ကုန်းလော၊ ဒါဆိုင်းနဲ့ မြို့သစ် စတဲ့ တပ်စခန်း စုစုပေါင်း ၁၂ လောက်ကို KIA က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတစ်ရက်ထဲမှာပဲ နောက်ထပ် စစ်ကောင်စီတပ်ရဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်တဲ့ ဖွန်းပရန်ဘွမ့်တပ်စခန်းအပါအဝင် ဒါဆိုင်းနဲ့ ရှေ့တန်းတပ်စခန်းငယ်အများအပြားကို KIA က သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့မတ်လ ၇ နေ့ ညနေ ပိုင်းမှာ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို အတည်ပြုပြောဆိုခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့ ဒုတိယမြောက်နေ့မှာလည်း ဒေါ့ဖုန်းယန်တပ်စခန်းကို ထပ်မံသိမ်းဆည်းနိုင်ခဲ့သလို ကျန်ရှိနေတဲ့ တပ်စခန်းနေရာတွေကလည်း ဆက်လက်တိုက်ပွဲဖြစ်ပွားနေသလို KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မနေ့က စစ်တပ်ရဲ့ တပ်စခန်းနေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ ဝိုင်းမော်မြို့နယ်ထဲမှာရှိတဲ့ ရွှေညောင်ပင် စစ်တပ်စခန်းနဲ့ အောင်မြေ(၁)ကျေးရွာမှာ ဦးရွှေမင်းဦးဆောင်တဲ့ အင်လုန်ခပြည်သူ့စစ်တပ်စခန်းကို KIA တပ်ရင်း (၃)အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာလည်း တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်ပါတယ်။

တစ်ဖက်မှာ စစ်တပ်ဘက်ကနေ တပ်စခန်းတွေကို လက်မလွတ်ရအောင် လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မြစ်ကြီးနား - ဗန်းမော်ဘက်ကို အဆက်မပြတ်လာရောက်ဗုံးကျတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

မနေ့က ဖြစ်တဲ့တိုက်ပွဲမှာ ဝိုင်းမော်ဒေသအတွင်း စစ်ကောင်စီလက်အောက်မှာ လီဆူပြည်သူ့စစ် အဖြစ်ရှိနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကိုယ်လည်း KIA ရဲ့ တိုက်ခိုက်ခံရတာကြောင့် သေဆုံးမှုရှိခဲ့ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...