စစ်မှုထမ်းဥပဒေကြောင့် နေရပ်ရွှေ့ပြောင်းလိုသူများကို စီမံချိတ်ဆက်မှုပေးနိုင်ရန် ဆောင်ရွက်မည်ဟု တော်လှန်ရေးအင်အားစုများ ထုတ်ပြန်

စစ်မှုထမ်းဥပဒေကြောင့် နေရပ်ရွှေ့ပြောင်းလိုသူများကို စီမံချိတ်ဆက်မှုပေးနိုင်ရန် ဆောင်ရွက်မည်ဟု တော်လှန်ရေးအင်အားစုများ ထုတ်ပြန်

အတင်းအဓမ္မစစ်မှုထမ်းခိုင်းမည့် စစ်ကောင်စီကိုဆန့်ကျင်၍ အန္တရာယ်ကင်းရာအရပ်သို့ အရပ်သားအဖြစ် ရွှေ့ပြောင်းနေထိုင်လိုသူများအား လိုအပ်သည့် စီမံချိတ်ဆက်မှုများ ပေးနိုင်ရေး သက်ဆိုင်ရာအဖွဲ့ အစည်း များကြား ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအစုအဖွဲ့ (၄၁) ဖွဲ့က ယမန်နေ့က ပူးတွဲထုတ်ပြန်သည်။

မတ်လ (၅) ရက်နေ့ရက်စွဲပါ ထိုဘုံသဘောထားထုတ်ပြန်ချက်တွင် ၎င်းတို့တော်လှန်ရေး အင်အား စုများအနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ရေး အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်သလို အတင်း အကြပ် စစ်မှုထမ်းစေသည့်စစ်ကောင်စီ၏ အစီအစဥ်အကောင်အထည် မဖော်နိုင်ရန် အချက်(၅)ချက်ဖြင့် တုန့်ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

ထိုအထဲတွင် စစ်အုပ်စုအန္တရာယ်ကင်းသည့်အရပ်၌ သာမန်အရပ်သားအဖြစ်သာ ရွှေ့ပြောင်းနေထိုင်လို သူများအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား လိုအပ်သည့်စီမံချိတ်ဆက်မှု ပေးနိုင်ရန် မိမိတို့ အ နေဖြင့် ညှိနှိုင်းလုပ်ဆောင်မည်ဖြစ်သလို ရေရှည်စားဝတ်နေရေးနှင့် ရပ်တည်ရေးအတွက် လည်း ကြိုး ပမ်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“စစ်အုပ်စုဟာ ပြည်သူကိုပြန်ပေးဆွဲ၊ ငွေညှစ်တာတွေလုပ်တဲ့အခါမှာ ပြည်သူတွေရဲ့ စိုးရိမ်မှုက မြင့်တက် လာတယ်။ စစ်တပ်အတွက် စစ်တိုက်ပေးရမယ်ဆိုတာ ဘယ်သူမှဖြစ်ချင်မှာမဟုတ်ဘူး။ ပြေးစရာ လည်းမြေမရှိ ပေးစရာလည်းငွေမရှိတဲ့ပြည်သူတွေအတွက် ဘယ်ကိုသွားရမလဲဆိုတာ ဖြစ်လာတဲ့အခါ ပြည်သူတွေဟာ ကူကယ်ရာမဲ့မဟုတ်ဘဲနဲ့ တော်လှန်ရေးအင်အားစုတွေက တသားတည်းရှိတာကို ပြချင် တယ်။ လုပ်မယ့်ကိစ္စတွေလည်းရှိတော့ ကျမတို့ဒီထုတ်ပြန်ချက်ကို ထုတ်ရတာဖြစ်တယ်” ဟု ထုတ်ပြန် ချက်ပါ ပြောခွင့်ရ စစ်အာဏာရှင်တိုက်ဖျက်ရေးအထွေ ထွေသပိတ်ကော်မတီ(GSC)မှ ဒေါ်နှင်းနှင်းမွှေးက ပြောသည်။

အကြောင်းမျိုးစုံဖြင့် စစ်မှုထမ်းစေခိုင်းခြင်းခံနေရသူများကိုလည်း တော်လှန်ရေးအင်အားစုများအနေဖြင့်စစ်ကောင်စီ၏လုပ်ရပ်အပေါ်တန်ပြန်နိုင်ရေး လိုအပ်သောရင်းမြစ်များကို ထောက်ပံ့နိုင်ရန် ကြိုးပမ်း မည်ဖြစ်ပြီး အခြားသော အရပ်ဘက်အဖွဲ့နှင့်ပြည်သူများကိုလည်း တော်လှန်ရေးကဏ္ဍများတွင် ပါဝင်ကြရန် တော်လှန်ရေးအင်အားစု အဖွဲ့များက ကမ်းလှမ်းထားသည်။

GSC အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများ စစ်အာဏာရှင်စနစ်နှင့်စစ်အုပ်စုကို ဖြိုချနိုင်ရန် လက်တွဲဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတကာအနေဖြင့် သဘောပေါက်နား လည်ရန်လိုကြောင်းလည်း ဒေါ်နှင်းနှင်းမွှေးက ဆက်ပြောသည်။

၎င်းက “စစ်အုပ်စုကိုဖြိုချနိုင်အောင် ကျမတို့ အတူတကွလက်တွဲလုပ်ကြရမှာဖြစ်တယ်။ နိုင်ငံတကာ အနေနဲ့လည်း ကျမတို့နိုင်ငံမှာပြည်တွင်းစစ်ဖြစ်နေတာ စစ်အုပ်စုက ပြည်သူတွေကိုမတရား ဖမ်းဆီး သတ်ဖြတ်နေတာ စစ်အုပ်စုမရှိမှဖြစ်မယ်ဆိုတာကို သဘောပေါက်နားလည်ပြီး စစ်ရေးနိုင်ငံရေးအရ၊ သံတမန်ရေးအရ ကျမတို့ဘက်ကရပ်တည်ဆောင်ရွက်ပေးဖို့လိုတယ် ဆိုတဲ့စဥ်းစားချက်နဲ့ ထုတ်ပြန်ရတာဖြစ်ပါတယ်။” ဟု ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။

နွေဦးတော်လှန်ရေးအရှိန်ရလာသည်နှင့်တပြိုင်တည်း စစ်ကောင်စီ၏ လူအင်အားအရင်းအမြစ်များ တစ်စထက်တစ်စ ဆုံးရှုံးလာသည့်အပေါ်တွင် ထိုကဲ့သို့ စစ်မှုထမ်းဥပဒေထုတ်ပြန်ခြင်းသာဖြစ်၍ တရားမ ဝင်အာဏာသိမ်းထားသည့် စစ်အုပ်စုဖြစ်သောကြောင့် တရားမဝင်အမိန့်ဥပဒေသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ပြောဆိုထားသည်။

စစ်ကောင်စီက အဆိုပါစစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်ပြီးနောက် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဥပဒေအရအကျုံးဝင်သူ အကျုံးမဝင်သူများအား စစ်မှုထမ်းရန် အတင်းအကြပ်စေခိုင်းလာသဖြင့် လူငယ် အများအပြား လွတ်မြောက်နယ်မြေများသို့ ခိုလှုံကြသလို နယ်စပ်ဖြတ်ကျော်တိမ်းရှောင်မှုများလည်း များပြားလာကြောင်း သက်ဆိုင်ရာနယ်မြေသတင်းအရင်းအမြစ်များအရ သိရသည်။

Most read this week

October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...