ဖားအံတွင် ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက်လုပ်ဆောင်နေ

ဖားအံတွင် ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက်လုပ်ဆောင်နေ

ကရင်ပြည်နယ် ဖားအံမြို့တွင် ယခုရက်ပိုင်းအတွင်း ရပ်ကွက်အလိုက် ဧည့်စာရင်းလိုက်လံ စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်ဟု မြို့ခံများက ကေအိုင်စီသို့ ပြောသည်။

ရပ်ကွက်အတွင်း ဧည့်စာရင်း ဝင်ရောက်စစ်ဆေးရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀ အိမ်မှူး၊ ရာအိမ် မှူးများအပါအဝင် စစ်ကောင်စီ၏ စစ်သားနှင့် ရဲများလည်း လိုက်ပါ စစ်ဆေးမှုများပြုလုပ်နေကြောင်း အမည်မဖော်လိုသူ မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက  “ အခုရက်ပိုင်း ဧည့်စာရင်းဆက်တိုက်စစ်လာတယ်။ တစ်လမ်းဝင်တစ်လမ်းထွက်စစ်တယ်။ တချို့ဆိုရင် မသင်္ကာရင် ဖုန်းပါစစ်တာတွေလည်းရှိတယ်။ ကျမတို့က ဖုန်းတော့မစစ်ဘူး၊ နာမည်စာရင်းမှာ မရှိတဲ့သူတွေဆိုရင် ဘယ်ကိုသွားနေတာလဲမေးတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဧည့်စာရင်းလိုက်လံစစ်ဆေးမှုပြုလုပ်သည့်အချိန်တွင် ဧည့်စာရင်းစာရွက်၊ လူနှင့် အိမ်ထောင်စု စာရင်းတိုက်ကြည့်သည့်ပြင် ခြံဝင်းအတွင်းရှိ နေအိမ်ပတ်ပတ်လည်တွင်လည်း လိုက်လံစစ်ဆေးရှာဖွေမှုများလည်းပြုလုပ်လျက်ရှိသည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီမှ အသက်ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ဖားအံမြို့ရှိ ရပ်ကွက် များတွင် အုပ်ချုပ်ရေးတာဝန်ရှိသူများက အိမ်ထောင်စုစာရင်းများ ရှောင်တခင် လိုက်စစ်ဆေးခြင်းရှိသည့်အတွက် လူငယ်အချို့သည် စစ်မှုထမ်းရမည်ကို စိုးရိမ်နေကြသဖြင့် လူငယ်လူရွယ်အများအပြား နီးစပ်ရာ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်သွားခဲ့ကြကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

အဆိုပါ စစ်မှုထမ်းဥပဒေကြောင့် ကေအဲန်ယူထိန်းချုပ်နယ်မြေထဲအတွင်းရှိ လူငယ်အချို့လည်း အဓမ္မစစ်မှုထမ်းခံရမည်ကို စိုးရိမ်နေသည့်အတွက် ယခုကာလအတွင်း မြို့ထဲခရီးသွားလာ၍ မရဲကြကြောင်းလည်း သိရသည်။

“ မြို့ထဲကို အရင်လိုမသွားရဲတော့ဘူး။ မြို့ထဲသွားမှာတောင် အိမ်က မလွှတ်ဘူး၊ အဖမ်းခံထိမှာ စိုးရိမ်တယ်။ လူငယ်မှန်သမျှကို သူတို့ ဖမ်းချင်ရင်ဖမ်းတယ်ဆိုတော့ ကေအဲန်ယူနယ်မြေမှာရှိတဲ့ ကျနော်တို့ဆိုရင်  အသက်ပြည့်ပြီး စစ်မှုထမ်းရမယ်ဆိုပြီး ဖမ်းသွားရင်ဘယ်လိုလုပ်မလဲ၊ အဲဒါလည်းကြောက်တယ်။ ” ဟု ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲရှိ လူငယ်တစ်ဦးက ပြောသည်။

ဖားအံမြို့တွင် မည်သည့်ဧည့်သည်မဆို  ဧည့်စာရင်း တိုင်ကြားရသည့်အပြင် ရပ်ကွက်ကျော်နေထိုင်သူများလည်း လစဉ်ဧည့်စာရင်းတိုင်ကြားရပြီး ဧည့်စာရင်းတိုင်ကြားသည့်အခါလည်း ကျပ်တစ်ထောင်မှ ကျပ်ငါးထောင်အထက်ထိ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများအား ပေးဆောင်ကြရကြောင်း သိရသည်။

October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...