ယောကာကွယ်ရေးတပ်က ရခိုင်စစ်မျက်နှာတွင် AAနှင့်လက်တွဲပြီး တိုက်ပွဲဝင်နေ

ယောကာကွယ်ရေးတပ်က ရခိုင်စစ်မျက်နှာတွင် AAနှင့်လက်တွဲပြီး တိုက်ပွဲဝင်နေ

ယောကာကွယ်ရေးတပ်(YDF) သည် ရက္ခိုင့်တပ်တော် (AA) နှင့်လက်တွဲ၍  ရခိုင်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေပြီး တိုက်ပွဲတိုင်းတွင် စစ်ကောင်စီတပ်သည် ဆုတ်ခွာထွက်ပြေးနေရသဖြင့်  ရှုံးနိမ့်နေပြီဖြစ်ကြောင်း  YDF တာဝန်ရှိသူက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

“ စစ်ကောင်စီက ရှုံးနိမ့်နေတဲ့ အနေအထားကိုရောက်နေပါပြီ။ ဘာဖြစ်လို့လည်းဆို သူတို့ရဲ့ စခန်း ကုန်းတွေ တပ်စခန်းတည်နေရာတွေကို သိမ်းတော့မယ်ဆိုရင် လေးငါးမိနစ်လောက် ကောင်းကောင်း ပစ်အား လေးသုံး လိုက်တာနဲ့ကို သူတို့နောက် ဆုတ်ဆုတ်သွား ကြတယ်။ ခံပြီးမှပစ်တဲ့ အနေအထားတောင် မရှိတော့ပါဘူး။ သူတို့ စိတ်ဓာတ်ရေးရာအရရော တော်တော်လေးရှုံးနိမ့်နေတဲ့ အနေအထားပါရောက်လာတာပါ” ဟု ယောကာကွယ်ရေးတပ် - YDF မှ တာဝန်ရှိသူက နိရဥ္စရာ သို့ပြောသည်။

ယောကာကွယ်ရေးတပ် - YDF သည် ရက္ခိုင့်တပ်တော် နှင့် မဟာမိတ်တည် ဆောက်ထား သည်မှာ ၂နှစ်ကျော်ကြာပြီဖြစ်ကြောင်း၊  အပြန်အလှန် အကူအညီပေးပြီး ယုံကြည်မှူ တည်ဆောက်ထား ကြောင်း၊ ယခင်က ရက္ခိုင့်တပ်တော် ( AA) မှ YDF တပ်ဖွဲ့အား သင်တန်းပေးခဲ့ပြီး အခုအချိန်တွင် ကိုယ့်တိုင် သင်တန်းပေးနိုင်သော အနေအထား သို့ရောက်ရှိရန် အေအေမှ ကူညီလက်တွဲခေါ်ခဲ့ကြောင်း စစ်ကြောင်းမှူး ကဆက်လက်ပြောဆိုခဲ့သည်။

“ကျောက်တော် တပ်မဟာတွေ သိမ်းတာမှာလည်း ကျွန်တော်တို့ရဲဘော်တွေ အကောင်းဆုံးတိုက် ပွဲဝင်နိုင်တဲ့အခြေအနေမျိုးတွေရှိပါတယ်ဗျ။ နောက်ကျလို့ မထုတ်ပြန်တာပါ။ ကျောက်တော် စကခ (၉) တပ်မ သိမ်းတာမှာလည်းပါတယ်။ ကန်စောက် အမြောက်တပ်တွေ သိမ်းတဲ့အခါလည်းကျွန်တော်တို့ ပါတယ်။ တော်တော်များများ ပါတယ်” ဟု သူကဆက်ပြောသည်။

ယောကာကွယ်ရေးတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် လက်ရှိတွင် တောက်လျှောက်လက်တွဲ လုပ်ဆောင်နေပြီး နောက်ထပ်ပူးပေါင်းဆောင်ရွက်ရန်လည်းရှိကြောင်း၊လက်ရှိ ရခိုင် ဒေသ၏ တိုက်ပွဲတော်တော်များများတွင် YDF မှပါဝင်ကြောင်း ဆမီး၊ မြောက်ဦး၊ ကျောက်တော် တိုက်ပွဲများတွင်လည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတိုက်ပွဲဝင်နေသောနေရာများကို လုံခြုံရေးအရ ပြောဆို၍ မရကြောင်း သူကပြောသည်။

“ ကျွန်တော်တို့ ယောကာကွယ်ရေးတပ်အနေနဲ့ ပူးပေါင်းပြီးမှ တိုက်ပွဲဝင်နေတာမျိူးတွေရှိပါတယ် ဗျ၊ မဟာမိတ် ရက္ခိုင့်တပ်တော် နဲ့ပူးပေါင်းပြီးတော့ အလုပ် လုပ်နိုင်စွမ်းတွေလည်းရှိနေပါတယ်။ ကျွန်တော်တို့  ထိခိုက်ဒဏ်ရာရတာ သေဆုံးတာတွေရှိခဲ့တယ်။ ထိထိရောက်ရောက်လည်း လုပ်နိုင် လာပါပြီ” ဟု ယောကာကွယ်ရေးတပ် - YDF မှ တာဝန်ရှိသူမှပြောသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ‌ရက္ခိုင်ပြည်၊ ကျောက်တော်မြိုနယ်၊ တောင်ရှည်တောင် ဗျူဟာ စခန်းအား ယောကာကွယ်ရေးတပ် - YDF သည် မဟာမိတ်တပ်များနှင့် အတူ စစ်ရေးအတွေ့ အကြုံယူရင်း ရဲရင့်တက်ကြွစွာ ပူးပေါင်း ပါဝင်၍ တိုက်ပွဲ ဆင်နွှဲခဲ့ကြကြောင်းနှင့် ဤကဲ့သို့ စစ်ရေး အတွေ့ အကြုံနှင့် တိုက်ပွဲဝင်ခွင့်ပေးသော ရက္ခိုင့်တပ်တော် ကို ကျေးဇူးများ စွာတင်ရှိကြောင်း YDF မှထုတ်ပြန်ထားသည်။NN-20

ဓာတ်ပုံ - YDF and Internet

Most read this week

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...