အိမ်နဲ့ တဆက်တည်းဖွင့်ထားတဲ့ ဈေးဆိုင်ဟောင်းအိုအိုလေးမှာ အသက် ၄၁နှစ်အရွယ် ကြေးကွင်းပတ်ထားတဲ့ ဒေါ်ရယ်ဂျီးနာ(အမည်လွဲ) တယောက် ထိုင်နေရင်း သူမရဲ့ အသိမိတ်ဆွေတွေနဲ့ စကားစမြည်ပြောနေကြပါတယ်။
သူမကတော့ ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာက ကြေးကွင်းပတ်တဲ့ ကယန်းအမျိုးသမီးတဦးဖြစ်ပါတယ်။ အရင်လို နိုင်ငံရေးကောင်းတဲ့အချိန်ဆိုရင်တော့ ဒေါ်ရယ်ဂျီးနာဟာ ဈေးရောင်းတဲ့အလုပ်နဲ့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို ကြိုဆိုဧည့်ခံနေမှာပါ။
နိုင်ငံရေးအခြေအနေကောင်းခဲ့စဉ်က ခရီးသွားလုပ်ငန်းတွေရှိခဲ့တာကြောင့် ပန်ပက်ကျေးရွာမှ ကြေးကွင်းပတ်တဲ့ ကယန်းအမျိုးသမီးတွေဟာ ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကာလ နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေတွေကြောင့် ဒေါ်ရယ်ဂျီးနာတို့ ရဲ့ ပန်ပက်ကျေးရွာကို ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ခြင်း မရှိတော့ပဲ ခြောက်ကပ်နေပါပြီ။
" အရင်က ခရီးသွားလာတဲ့သူတွေများလို့ ကြေးကွင်းပတ်ကြတယ်ပေါ့။ အခုက ခရီးသွားလုပ်ငန်းလည်းမရှိတော့ ကလေးကော လူကြီးကော စားဝတ်နေရေးအဆင်မပြေတဲ့အတွက် မပတ်ချင်ကြတော့ဘူး။ လည်ပင်းလေးတာပေါ့။ လည်ပင်းလေးတာပဲ အဖတ်တင်တယ်" လို့ အသက် ၄၁ အရွယ် ကြေးကွင်းပတ်ထားတဲ့ ကယန်းအမျိုးသမီး ဒေါ်ရယ်ဂျီးနာ က ပြောပါတယ်။
တချိန်တုန်းက ပန်ပက်ကျေးရွာမှာ လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေကို ရွာအဝင်က ဆိုင်ခန်းဈေးတန်းလေးမှာ ရိုးရာပစ္စည်း၊ ရိုးရာဂျပ်ခုတ်အထည်တွေနဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေကို ကြေးကွင်းပတ်တဲ့ ကယန်းအမျိုးသမီးလေးတွေက ရောင်းချပြီး တဖက်တလမ်းက ခရီးသွားလုပ်ငန်းကနေ ဝင်ငွေရရှိစေခဲ့ပါတယ်။
သို့ပေမဲ့ အာဏာသိမ်းပြီးနောက် ခရီးသွားလုပ်ငန်းတွေလည်း မရှိတော့တာကြောင့် ယခင်က ကြေးကွင်းပတ်ကြတဲ့ အမျိုးသမီးတွေ၊ ကလေးတွေဟာ လက်ရှိမှာတော့ ကြေးကွင်းမပတ်ကြတော့တာပါ။
ဒါ့အပြင် လူထုအခြေပြု ခရီးသွားလုပ်ငန်းကနေ ဝင်ငွေတစိတ်တပိုင်းရရှိခဲ့တဲ့ ပန်ပက်ဒေသမှာလည်း တော်လှန်ရေးကာလအတွင်းကြုံရတဲ့ အကြပ်အတည်းတွေကို ထပ်မံရင်ဆိုင်ကြုံတွေ့ကြရပါတယ်။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းတွေ ရှိနေဆဲဖြစ်ပြီး ဆွေမျိုးသားချင်းတွေရှိနေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ထွက်ခွာသွားကြသူတွေရှိနေတယ်လို့ သိရပါတယ်။
ခုတော့ ပန်ပက်ကျေးရွာမှာ ကျန်နေရစ်တဲ့ ကြေးကွင်းပတ် ကယန်းအမျိုးသမီးအရေအတွက်ဟာ အတော်လေး နည်းပါးလာတယ်လို့ ဆိုနိုင်ပါတယ်။ စားဝတ်နေရေးအတွက် တောင်ယာ၊ လယ်ယာလုပ်ငန်းကိုပဲ လုပ်ကိုင်နေရတာကြောင့် ကြေးကွင်းပတ်ရင်း အလုပ်လုပ်ရတာ အဆင်မပြေဘူးလို့ ဒေါ်ရယ်ဂျီးနာက ပြောပါတယ်။
" ဒီဖက်မှာ အလုပ်က လေးတယ် မပေါ့ဘူးပေါ့နော်။ လယ်တွေယာတွေလုပ်ရတော့ မကိုက်ဘူး။ ဟို့ (ထိုင်း)ဖက်မှာဆို တရက်မှာ ဗမာငွေနဲ့ဆို သုံးလေးသောင်း ဟို့ဖက်မှာပဲ ပိုအဆင်ပြေကြတော့ ဟို့ဖက်မှာပဲ သွားကြတာပေါ့။"လို့ ဒေါ်ရယ်ဂျီးနာက ပြောပါတယ်။
နိုင်ငံရေးကောင်းခဲ့စဉ်က တလကို ခရီးသွားဧည့်သည် ၁၀၀ ကျော် လာရောက်လည်ပတ်ကြတာကြောင့် လူထုအခြေပြုခရီးသွားလုပ်ငန်းကနေ ဒေါ်ရယ်ဂျီးနာတို့လို ကြေးကွင်းပတ်သူတွေဟာ အတိုင်းအတာတခုအထိ ဝင်ငွေ အဆင်ပြေခဲ့ကြတာပါ။ ခုနေတော့ အလုပ်အကိုင်အရကော အဆင်မပြေတော့တာကြောင့် လူကြီးကော ၊ကလေးငယ်တွေပါ ကြေးကွင်းပတ်ဖို့ကို စိတ်မဝင်စားကြတော့ပါဘူး။
စားဝတ်နေရေးအတွက် ကြေးကွင်းပတ်ကြတဲ့ ကိုယ့်လူမျိုး ကယန်းအမျိုးသမီးတွေဟာ တခြားနိုင်ငံမှာ သွားရောက်အခြေချနေထိုင်ကြတာကြောင့် ဝမ်းနည်းမိကြောင်း ဒေါ်ရယ်ဂျီးနာက ပြောဆိုပါတယ်။