လေယာဥ်ဆီတင်ဆောင်လာသည့် သင်္ဘောကို ရန်ကုန်တော်လှန်ရေးတပ်က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း NUG အတည်ပြု

လေယာဥ်ဆီတင်ဆောင်လာသည့် သင်္ဘောကို ရန်ကုန်တော်လှန်ရေးတပ်က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း NUG အတည်ပြု

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ MEC ဆိပ်ကမ်းတွင် လေယာဥ်ဆီတင်ဆောင်လာသည့် သင်္ဘောတစ်စီးအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD လက်အောက်ရှိ ရန်ကုန်တိုင်း ဒေသကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YRF) က ဖေဖော်ဝါရီလ (၂၉)ရက်နေ့တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း NUG-MOD ဘက်က ယနေ့ အတည်ပြုထုတ်ပြန်သည်။

အဆိုပါ သင်္ဘောအား YRF ၏ ရေငုပ်အထူးတပ်ဖွဲ့က ယမန်နေ့ ညပိုင်းတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေယာဥ်ဆီတင်သွင်းလာသည့်သင်္ဘောဖြစ်ကြောင်း အတည်ပြုပြီးနောက် ထိုကဲ့သို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။

၎င်းက “စစ်အုပ်စုက လေကြောင်းကိုသုံးပြီးတော့ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်တာတွေက တောက်လျှောက်ကျူးလွန်နေတာပါ။ စစ်ကောင်စီကပြည်သူလူထုကို ပြန်သတ်နေတာကို အားမပေးကြဖို့ စစ်ကောင်စီဆီ လေယာဥ်ဆီတင်သွင်းနေတာကို ရပ်တန့်ကြဖို့ တောက်လျှောက် ကျနော်တို့တောင်းဆိုခဲ့တယ် ။ လေယာဥ်ဆီသယ်ဆောင်လာတယ်ဆိုတာ ပြည်သူလူထုကို စစ်ကောင်စီကသတ်ဖြတ်နေတာမှာ တစ်နည်း တစ်ဖုံနဲ့ပတ်သက်နေတဲ့အတွက် ကျနော်တို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု ပြောသည်။

၎င်းအပြင် စစ်ကောင်စီ၏ရာဇဝတ်မှုများကို ရပ်တန့်ရန် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်မည်ဖြစ် သည်ဟုလည်း NUG ပြောခွင့်ရက ဖြည့်စွက်ပြောသည်။

YRF အနေဖြင့် ရန်ကုန်မြို့ MEC ထီးတန်း ဆိပ်ကမ်းသို့ အဆိုပါသင်္ဘော ဆိုက်ရောက်လာမည့်အကြောင်းကို ပြီးခဲ့သည့် ၂ ရက်အကြာကတည်းက သတင်းရရှိထားသဖြင့် တပ်ဖွဲ့မှ ရေငုပ်ကျွမ်းကျင်သောရဲဘော်များဖြင့် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ခဲ့ပြီး သင်္ဘောပေါ်ရှိအငွေ့ကန်အနီး ချိန်ကိုက်မိုင်းတပ်ဆင်၍ ဖောက်ခွဲမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းမီဒီယာများသို့ YRF ပြန်ကြားရေးတာဝန်ခံက ရှင်းပြထားသည်။

ထို့အပြင် တိုက်ခိုက်မှုအတွင်း YRF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

၂၀၂၁ ခုနှစ် မှ လက်ရှိအချိန်ထိ တော်လှန်ရေးအင်အားစုများနှင့်တိုက်ပွဲဖြစ်ပွားချိန်သာမက အရပ်သား ပြည်သူပိုင်နေရာများတွင်ပါ စစ်ကောင်စီက လေကြောင်းမှ အဓိကအားထား တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ပြည်သူပိုင်အိုးအိမ်ပျက်စီးရမှုတို့ကြောင့် NUG အပါအဝင် တော်လှန်ရေး အင်အားစုများအား စစ်ကောင်စီသို့လေယာဥ်ဆီ တင်ပို့ရောင်းချမှုကို ရပ်တန့်ရန် နိုင်ငံတကာသို့ တောင်းဆိုနေကြခြင်းဖြစ်သည်။

ထို့အပြင် ၎င်းတို့ အာဏာသိမ်းယူထားသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ စစ်တပ်က နိုင်ငံ တစ်ဝှမ်းတွင် လေကြောင်းသုံးတိုက်ခိုက်မှု အကြိမ်ရေ (၁,၆၀၀) ကျော် လုပ်ဆောင်ခဲ့သလို ပြည်သူ (၁၀၀) နီးပါး သေဆုံး၍ (၈၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

Most read this week

October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...