မိုးမိတ် စစ်ကောင်စီတပ်က အမျိုးသမီးများကို အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး ဥပဒေမဲ့ သတ်ဖြတ်ဟု SHRF ထုတ်ပြန်

မိုးမိတ် စစ်ကောင်စီတပ်က အမျိုးသမီးများကို အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး ဥပဒေမဲ့ သတ်ဖြတ်ဟု SHRF ထုတ်ပြန်

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ တပ်မ(၉၉)မှ အမျိုးသမီးများကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ကျူးလွန်ပြီး တရားဥပဒေမဲ့ သတ်ဖြတ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ ထုတ်ပြန်လိုက်သည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် မန္တလေးမြို့မှ မိုးမိတ်မြို့သို့ စစ်ကားများဖြင့် ရောက်လာသော စစ်ကောင်စီ၏ တပ်မ (၉၉) တပ်သားများသည် မိုးမိတ်မြို့တွင်းနှင့် အနီးရှိ ကျေးရွာများတွင် အရပ်သားများကို တရားဥပဒေမဲ့ သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးများကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု (၃) ခုထက်မနည်း ကျူးလွန်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ ဖေဖော်ဝါရီလ ၂၇ ရက်တွင် သတင်းထုတ်ပြန်လာသည်။

“အဓိကကတော့ ကျူးလွန်ခံရတဲ့ ကာယကံရှင် မိသားစုရယ်၊ မန္တလေးဘက်ကို စစ်ပြေးသွားတဲ့ ဘေးပတ်ဝန်းကျင် အိမ်နီးချင်းတွေကို လူတွေ့ သွားရောက်မေးမြန်းထားတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုပေမယ့် အကုန်လုံးက မေးမြန်းရသလောက် မုဒိမ်းမှုတွေပဲ။ လွတ်မြောက်လာတဲ့ အမျိုးသမီးကတော့ မိသားစုနဲ့ ဆေးရုံတစ်ခုမှာ ဆေးကုနေတယ်”ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်မ (၉၉) တပ်သားများက အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်မှု ၃ ခုထက်မနည်း ရှိခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်တွင် ရွာတော်လေးရပ်မှ နေအိမ်တစ်လုံးသို့ စစ်ကောင်စီတပ်သား ၃ ဦးမှ မိသားစုဝင်များကို သေနတ်ဖြင့်ခြိမ်းခြောက်၍ ၂၄ နှစ်အရွယ် အမျိုးသမီးကို အိပ်ယာပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး SHRF က ရှင်းရှင်းလင်းလင်းဖော်ပြထားခြင်းမရှိပေ။

အလားတူ ဇန်နဝါရီလ ၂၀ ရက်တွင် အုန်းကြောရွာသစ်မှ လင်မယားနှစ်ဦး တောထဲမှ ရွာသို့ပြန်လာစဉ် စစ်ကောင်စီတပ်သားများက အမျိုးသားအား ပစ်သတ်ကာ အမျိုးသမီးအား အဓမ္မပြုကျင့်ပြီး လည်မျိုအား ပစ်သတ်ခဲ့ကြောင်း ဆိုထားသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း မိုးကုတ်မြို့ ရွှေဇာလီ ကျေးရွာအနီး တောထဲပုန်းနေသည့် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့ရာ ဒဏ်ရာပြင်းထန်ခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ဒဏ်ရာဆိုတာထက် ရိုက်တာ ခံထားရတာ။ ဆေးကုတဲ့နေရာမှာ သွားတွေ့တဲ့အချိန် အညိုအမဲစွဲတာ တွေ့တယ်။ အမျိုးသမီး အင်္ဂါတဝိုက်မှာလည်း ဒဏ်ရာတွေရှိတယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားနေရပြီး စကားမပြောနိုင်သေးဘူး”ဟု SHRF မှ ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် ဇန်နဝါရီလ ၂၁ ရက်ကလည်း သရက်တောကျေးရွာမှ အမျိုးသမီးငယ် ၅ ဦး ပါသော အရပ်သားများကို စစ်ကောင်စီတပ်သားများက လိင်အကြမ်းဖက်ရန် ကြိုးပမ်းခဲ့သော်လည်း အမျိုးသားတစ်ဦး၏ အကူအညီဖြင့် ပြန်လည်လွတ်မြောက်လာပြီး မိသားစုနှင့် ပြန်လည်ဆုံတွေ့ပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး ကချင်လွတ်လပ်ရေးတပ်(KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)နှင့် PDF ပူးပေါင်းတပ်များက မိုးမိတ်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက် နောက်ပိုင်းတွင် စစ်ကောင်စီတပ်က မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သား ၆၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ၂၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“အဓိကကတော့ နိုင်ငံတကာ စစ်ရာဇဝတ်မှု တရားရုံး၊ နိုင်ငံတကာရဲ့ ယန္တရားအထိ ရောက်အောင် ကျမတို့ ပေးပို့သွားမှာပါ။ အရေးယူတာ မယူတာက နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂလို အကုန်လုံးပေါ်မှာ မူတည်သွားမယ်လို့ ထင်တယ်။ သတင်းအချက်အလက် ကောက်ယူနိုင်တယ် စုံစမ်းဖော်ထုတ်နိုင်တယ်၊ အတိအကျ ဖြစ်စဉ်ဖြစ်ရပ် မသိတာတွေလည်း ရှိသေးတယ်”ဟု SHRF မှ ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

၂၀၂၃ ဇူလိုင်လ ၃၀ ရက်ကလည်း ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ် ခမရ-၅၆၉ တပ်သားများသည် စွမ်လုံရွာမှ အမျိုးသမီး ၂ ဦးကို သီးခြားစီ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)၏ အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။

မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်သားများက အမျိုးသမီးများကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်မှု ကျူးလွန်ခဲ့သည်ဆိုသည့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်ကို သျှမ်းသံတော်ဆင့်အနေဖြင့် ဒေသခံများထံမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် စစ်ကောင်စီဘက်မှ မိုးမိတ်ခရိုင်အတွင်း ပါရှိသည့် မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကျင့်သုံးရန် မြောက်ပိုင်းတိုင်း စစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်အား တာဝန်လွှဲအပ်ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။

Most read this week

October 11, 2024
မြန်မာ့အရေး ဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ...
October 10, 2024
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်များ...
October 9, 2024
သျှမ်းပြည် မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှကြောင့် အရပ် သား ၁...
October 8, 2024
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့်...