ကော့ကရိတ်မြို့ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား

ကော့ကရိတ်မြို့ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား

ကရင်ပြည်နယ်၊ ဘားအံ-မြဝတီ (အာရှလမ်းပိုင်း) နှင့် ကော့ကရိတ်မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း) နှင့် ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီ အထိုင်စခန်းများ၊ ဂိတ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF နှင့် ဒရုန်းပူးပေါင်းတပ်တို့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့သည်။

စစ်ဆင်ရေးကာလစတင်ခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ကော့ကရိတ်တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ် ကော့နွယ်စခန်းကုန်းနှင့် လှိုင်ဝတံတားဂိတ်၊ ကြာပန်းဂိတ်၊ ကော့ကရိတ်မြောက်ဘက်ခြမ်းရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားသော အမှတ် (၃) ဂိတ်၊ ဘားအံ – မြဝတီ (အာရှလမ်း)ပေါ်ရှိ ကမိုင်ကုန်းသင်္ချိုင်းကုန်း အထိုင်စခန်း၊ ကော့ကရိတ်ချောင်းတောင်ရပ်ကွက်ရှိ စာသင်ကျောင်းတွင် တပ်စွဲထားသောနေရာ၊ တောင်ကြာအင်းရဲစခန်း၊ ဘားအံ – မြဝတီလမ်း (အာရှလမ်းပိုင်း) ပေါ်ရှိ စစ်ကောင်စီ၏ အထိုင်စခန်းများဖြစ်သော ရေကူးကန်နှင့် ဆီဆိုင် ဂိတ်စခန်းများအား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

၎င်းပြင် ဘားအံ – မြဝတီ (အာရှလမ်းပိုင်း) နှင့် ကော့ကရိတ်မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်းကိုလည်း စိုးမိုးထိန်းချုပ်ထားလျှက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ကော့ကရိတ်တိုက်ပွဲအတွင်း ရန်သူဘက်မှ လက်နက်ချအညံ့ခံသူ ၁၄ ဦးရှိပြီ၊ သေဆုံးသူအရေအတွက် ၃၀ ဦးရှိကာ ဒဏ်ရာရသူလည်း အများအပြားရှိကြောင်း၊ ရန်သူ့လက်နက် ၄၆ လက်ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တို့က သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး စစ်ကောင်စီတပ် လေယာဉ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ဦးလည်း သေဆုံးသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြုကာ နေ့စဉ်ပစ်ခတ်လျှက်ရှိပြီး လူနေအိမ်များ မီးရှို့ဖျက်ဆီးကာ ပြည်သူလူထုပစ္စည်းများအား ခိုးယူလျှက်ရှိသည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး KNU မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် MOD ၏ ပြည်သူလူထုလုံခြုံရေးဌာနတို့ပူးပေါင်းကာ ကူညီစောင့်ရှောက်ထားကြောင်းလည်း ထုတ်ပြန်ထားသည်။

October 11, 2024
စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် နယ်မြေမတည်မှုများနှင့် လုံခြုံမှုမရှိသည့်...
October 10, 2024
မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ တို့တွင် စစ်ကောင်စီတပ်က...
October 8, 2024
မွန်ပြည်သူလူထုတို့ လိုလားနေသည့် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောက်ရွက်ရေးသည်...
October 8, 2024
မြန်မာပြည်တောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်း တို့တွင် စစ်ကောင်စီတပ်၏...