စစ်ပွဲရဲ့ အနိဋ္ဌာရုံ နောက်ဆက်တွဲ

စစ်ပွဲရဲ့ အနိဋ္ဌာရုံ နောက်ဆက်တွဲ

စိုင်းဟန်လင်း — လက်နက်ကြီးသံ “ အုန်းခနဲ့” ကျပြီး ဖုန်မှုန်တွေဖွာလန်ကြဲကာ  မိခင်ဖြစ်သူ ဒေါ်ခေါင်နော်တစ်ယောက်ကတော့ “ကယ်ပါဦး”ဆိုပြီး ဘုရားတ ရုံကလွှဲပြီး ဘာမှ မလုပ်နိုင်ခဲ့ပါ။

ဖုန်မှုန့်တွေကြားထဲ သားတော်မောင် (၂)ယောက်ရဲ့ ခြေထောက်မှာတော့ “သွေးစီးကျ”လာသာကို စတင်မြင် ရတော့ ထိတ်လန့်ဖြစ်ခဲ့ရပါတယ်။

အဲ့ဒီအဖြစ်အပျက်က သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ ရပ်ကွက် (၃) မှာ ဒီဇင်ဘာ ၂၃ရက် မွန်းလွဲပိုင်းမှာ  ဒေါ်ခေါင်နော်တို့ သားအမိ (၃)ယောက်ဟာ အိမ်နီးချင်းဖြစ်တဲ့ ဒေါ်နန်းပေါင်း နေမကောင်းသဖြင့် သွားရောက် သတင်းမေးမြန်းပြီး အိမ်ပြန်လာချိန်ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီရက် ဒေါ်ခေါင်နော်တို့ သားအမိ(၃)ယောက်ဟာ ဘေးအိမ်က  ဒေါ်နန်းပေါင်းကို သွားပြီး  အိမ်ပြန်ချိန် လက်နက်ကြီးက ရုတ်တရက် ကျလာပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာဖြစ်ပါတယ်။

လက်နက်ကြီးကြောင့် စုစုပေါင်း ၆ဦးထိခိုက်ခဲ့ပြီး၊ အဲ့ထဲက  ဒေါ်နန်းပေါင်းရဲ့ မောင်သူ နဲ့ အမျိုးသမီး တစ်ယောက်ကတော့ အသက်သေဆုံးခဲ့ရပါတယ်။

“ အိမ်ပြန်နေချိန်မှာ လက်နက်ကြီးကြောင့် ဘုရားရေကယ်ပါဆိုပြီး အော်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်ဘူး။ ကလေးတွေရဲ့ ခန္ဓာကိုယ်ပေါ် သွေးမြင်တော့လန့်သွားတယ်။ ကျမ က ဒဏ်ရာတောင် သတိမထားမိဘူး။ အဲ့နေ့ကြောင့် အကြီးကောင်ရဲ့ ခြေထောက်ဆုံးရှုံးလိုက်ရတာပေါ့” လို့ ဒေါ်ခေါင်နော်က ဝမ်းနည်းစွာနဲ့ ဖြစ်ပျက်တာကိုပြန်ပြောပြပါတယ်။

သားတွေရဲ့ ခြေထောက်က သွေးတွေစီးကျတာမြင်တော့ သူမရဲ့စိတ်ဟာ စိတ်ပူလောင်သောကတွေ အလိုလို ဖြစ်လာပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပါတယ်။

လက်နက်ကြီး ထိခိုက်ဒဏ်ရာရပြီးပြီးနောက် ရပ်ကွက် (၃) က အသိမိတ်ဆွေတွေ က သိန္နီမြို့ကို ဦးစွာ ခေါ်ဆောင်သွားပြီး၊ နောက်ရက်မှာ ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့ရပါတယ်။

ဒေါ်ခေါင်နော်တို့ နေထိုင် တဲ့ သိန္နီမြို့ဟာ “၁၀၂၇ စစ်ဆင်ရေး” ညီနောင်မဟာမိတ်(၃)ဖွဲ့ ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပါတယ်။

အဲ့နေရာကို MNDAA တို့က ဇန်နဝါရီ ၇ရက်မှ သိန္နီမြို့အလုံးစုံကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲကြောင့် သိန္နီမြို့ တမြို့လုံး မြို့ပျက်သဖွယ်ဖြစ်ပွားခဲ့ပြီး၊ နေရပ်စွန့်ခွာခဲ့သူလည်း အများအပြားရှိခဲ့ပါတယ်။

သိန္နီမြို့ဟာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအတွက် အချက်အခြာကျသည့် မြို့တစ်ခုဖြစ်ပါတယ်။

MNDAA က သိန္နီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်ထိ မြို့တွင်း အရပ်သားနေအိမ်ထဲမှာ မိုင်းတွေ ၊အလောင်းတွေ က ရှိနေဆဲပါ။

“ အဲ့နေ့က မြင်ခဲ့ရတဲ့အဖြစ်အပျက်တွေက အခုထိ မြင်ယောင်နေဆဲပါ။ သေသွားတဲ့တစ်ယောက်ရဲ့ ညည်းသံတွေ ပေါက်နေတဲ့ ဗိုက်တွေ အကုန်မြင်ခဲ့ရတယ်လေ။ ထိတ်လန့်စရာတွေပေါ့” လို့ ဒေါ်ခေါင်နော် က လေသံခပ်တိုးတိုးနဲ့  ပြောပါတယ်။

လက်ရှိအခြေအနေမှာ ဒေါ်ခေါင်နော် နဲ့ သူ့အမျိုးသားဟာ သားကို  မွေးဖွားချိန်က အကောင်း အင်္ဂါစုံစုံနဲ့ မွေးဖွားလာ ခဲ့ပေမယ့် အသက် ၇ နှစ် အရွယ် ရောက်လာချိန် စစ်ပဋိပက္ခကြောင့် သားရဲ့ခြေထောက်တဖတ် ဆုံးရှုံးသွား ရတာကို ယူကြုံမရ ဖြစ်နေပါတယ်။

“ဒဏ်ရာကအရမ်းပြင်းတဲ့ အတွက် ခြေထောက်ဖြတ်လိုက်ရတာ။ ခြေထောက်ဖြတ်လိုက်တော့ အခုထိသားက လမ်းမလျှောက် နိုင်သေးဘူး။ လေးဖက်ကုန်းပြီး တွားသွားနေရတယ်” လို့ ခြေထောက်ဖြတ်ခံရတဲ့ သားရဲ့ ဖခင် စိုင်းဝင်းမြင့်သူက ပြောပါတယ်။

ဒေါ်ခေါင်နော်နဲ့ စိုင်းဝင်းမြင့်သူတို့ ဟာ သားတော်မောင်ကို ဆေးကုသခံယူချိန်မှာတောင် တိုက်ပွဲကြောင့် ထပ်မံထွက်ပြေး လိုက်ရသေးပါတယ်။

“ သိန္နီကနေ ကွတ်ခိုင်ဆေးရုံပြောင်းကုနေချိန်မှာ ဆေးရုံမှာ လက်နက်ကြီးတွေ ထပ်ကျတာ။ ထပ်ကျတော့ ကျနော်တို့ အိမ်ကိုပြန်ပြေးလာတယ်။ မကြာလိုက်ပါဘူး။ နောက်တော့လည်း တိုက်ပွဲထပ်ဖြစ်တော့ လားရှိုးကို ထပ်ပြေးလာတယ်။ အခုလည်း လားရှိုးဘုန်းကြီးကျောင်းမှာ လာခိုလှုံရတာ” လို့ စိုင်းဝင်းမြင့်သူ က ကြုံခဲ့တာတွေကို ပြန်ပြောပြနေပါတယ်။

သေနတ်သံ၊ လက်နက်သံတွေကြား ထပ်ခါထပ်ခါ ကြားပြီး ထွက်ပြေးနေရတဲ့ လူကြီးတွေထက် ကလေးငယ်တွေရဲ့ စိတ်ဟာ ပိုပြီး သနားစရာကောင်းကြောင်း၊ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြုံနေရကြောင်း စိုင်းဝင်းမြင့်သူက ဆိုပြန်သည်။

“ကလေးနှစ်ယောက်ကတော့ လေယာဉ်သံကြားရင် ကြောက်နေတယ်။ လေယာဉ်သံ မကြားချင်ဘူးပဲ ပြောနေတယ်။ သူ့အမေ ကလည်း စိတ်ဒဏ်ရာရနေတယ်။ သူ့အမေကတော့ ဖြစ်ပြီး ၁၀ ရက်လောက် ထမင်းမစားနိုင်ဘူး။ စစ်သားတွေ မြင်ရင် ကြောက်နေတာ။ အခုတော့ နည်းနည်းပါးပါး သက်သာလာပြီ” လို့ သူက ဝမ်းနည်းစွာ ပြန်ပြောပြပါတယ်။

ဒေါ်ခေါင်နော်တို့ မိသားစုနည်းတူ ၂၀၂၃ ခုနစ် ဒီဇင်ဘာလ ၂၆ ရက်မှာ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ မှာနေထိုင်တဲ့ ဒေါ်နန်းမြတို့ မိသားစုဟာ စစ်ဘေးရှောင်တွေကို ကူညီရန်အတွက် ကားစီးလာအချိန် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင် ခမရ ၅၀၁ တပ်စခန်းရှိမှာ ပစ်ခတ်ခံရပါတယ်။

“ သူတို့က လူနာကိုလာပို့ဖို့ ကားနဲ့ မောင်းလာကြတာ။ အဲ့တပ် ရှေ့ရောက်မှ ကားပစ်ခံရလို့ သမီးက လက်ထိသွားတယ်။ မြေးလေးက ဦးခေါင်းထိသွားတာ” လို့ ကျည်ထိမှန်ခဲ့တဲ့ ဒေါ်နန်းမြရဲ့ မိခင်ဖြစ်သူ ဒေါ်နန်းကြည်က ပြောပြလာပါတယ်။

ကျည်ထိမှန်ခဲ့တဲ့ သားအမိ ၂ ဦးကို မန္တလေးမြို့ ဆေးကြီးမှာ ကုသနေရပြီး ကုသစရိတ်ခက်ခဲနေကြောင်း ဒေါ်နန်းကြည်က ဝမ်းနည်းစွာပြောပါတယ်။

“အခက်ခဲတော့ အများကြီးပဲ။ ဆေးဖိုး၊ ဘာဖိုးနဲ့ ပေးရတာ အရမ်းကုန်တယ်။ နောက်ပြီး ကလေးက ခွဲစိတ်ထားရတော့ အများကြီးကုန်တယ်” လို့ ဒေါ်နန်းကြည်က ဆိုပြန်ပါတယ်။

သျှမ်းမြောက်မှာ “၁၀၂၇ စစ်ဆင်ရေး” စတင်လာပြီး ၃ လအတွင်း  အရပ်သားသေဆုံးမှု ၂၅၀ ကျော်အထိ မြင့်တက်လာပြီး အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် ၆၀၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖေဖော်ဝါရီ ပထမပတ်အထိ စာရင်းပြုစုထားတဲ့ သျှမ်းသံတော်ဆင့်၏ သတင်းမှတ်တမ်းများအရ သိရပါတယ်။

သေဆုံးမှုအများစုမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း ၉၀ ကျော် သေဆုံးသွားခဲ့ပါတယ်။

အလားတူ ကရင်နီ (ကယား) ပြည်နဲ့ နယ်စပ်တကြောမှာ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှု ၅၃၃ ဦးရှိရာ “၁၁၁၁ စစ်ဆင်ရေး” စတင်လာပြီးနောက် ၃ လအကြာ အရပ်သားသေဆုံးမှု ၇၃ ဦး မြင့်တက်လာတယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု PKPF က ဖေဖော်ဝါရီလ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

“၁၁၁၁ စစ်ဆင်ရေး” စတင်လာတဲ့ ကရင်နီ (ကယား) ပြည်မှာ တိုက်ပွဲကြောင့် ၃ လအတွင်း အရပ်သားသေဆုံးမှု ၇၃ ဦးအထိ မြင့်တက်လာပေမယ့် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ သျှမ်းမြောက်ပိုင်းမှာတော့ တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှု ၂၃၀ ကျော် မြင့်တက်လာခဲ့ပါတယ်။

ဒီသေဆုံးမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း အကြီးအကျယ် ဖြစ်ပွားလာတဲ့ “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြားက သေဆုံးမှုအမြင့်ဆုံး ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုတွေကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ယာယီအပစ်အခတ် ရပ်စဲရန် “ဟိုက်ဂင်သဘောတူညီချက်” ရရှိကြောင်း ဇန်နဝါရီလ ၁၂ ရက်က နှစ်ဘက်စလုံးက တရားဝင်ထုတ် ပြန်ကြေညာခဲ့ပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေ အမှတ်တကယ် ရပ်တန့်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တစ်ဖက်မှာ သိန္နီမြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA က ၎င်းတို့အုပ်ချုပ်ရေး ယန္တရား စတင်လည်ပတ်နိုင်ဖို့ ကျေးရွာသူကြီးများကို အစည်းအဝေးခေါ်ယူဆုံပြီး အရေးကြီးအချက် ၆ ချက်ကို (ဒီဇင်ဘာလ ၁၆ ရက်) မှာ အမိန့်ပေးခဲ့ပါတယ်။

အဲ့ဒီအရေးကြီးအချက်တွေက (၁) ကိုးကန့်တပ်ဖွဲ့ထံ ဆရာဝန်နှင့် ဆရာ/ဆရာမ စာရင်းပေးပို့ရန်၊ (၂) ကိုးကန့် စစ်သားများ ပြည်သူများကို အနိုင်ကျင့်လျှင် တိုင်ကြားရန်၊ (၃) ကိုးကန့်တပ်က ဦးဆောင်ပြီး ကူးသန်းရောင်းဝယ်ရေး အဆင်ပြန်ရန် လုပ်ဆောင်ပေးမည်၊ (၄) ကိုးကန့်တပ် ထိန်းချုပ်နယ်မြေထဲ အခြားတပ်များက ဆက်ကြေးလာကောက်လျှင် လုံးဝမထည့်ရန်၊ (၅)အင်တာနက်သုံးသည့် လူစာရင်းပေးရန်နှင့် (၆) မူးယစ်ဆေးဝါး၊ ရာမဆေးပြား သုံးသည့်သူများကို ဖမ်းမိလျှင် ပြန်မလွှတ်ပေးဘဲ စစ်သားဆောင်ခံရမယ်လို့ MNDAA က အမိန့်ပေးထားပါတယ်။

အချို့ နေရပ်ပြန်သွားတဲ့သူတွေကတော့ နေအိမ်ထဲမှာ သေဆုံးနေတဲ့ ပုတ်ပွအလောင်းတွေ ရှင်းလင်းရတာတွေ ရှိသလို လက်ရှိအခြအနေမှာ သိန္နီမြို့ပေါ်မှာ တိုက်ပွဲပြန်ဖြစ်လာမှာကိုလည်း စိုးရိမ်စိတ် ရှိနေပါသေးကြောင်း နေရပ်ပြန်နေတဲ့ အိမ်ကြည့်တဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“မြို့ပျက်လိုပါပဲ။ နေစရာမကောင်းဘူး။ တိုက်ပွဲငြိမ်လို့ အိမ်ပြန်ကြည့်တော့ တချို့ ခြံထဲမှာ သေလို့ ပုတ်နေတဲ့ အလောင်းတွေ မနည်းဘူး။ ကိုယ့်ဘာသာကိုယ်ရှင်းရတာ။ အိမ်တွေလည်းပျက် ဘယ်လိုပြန် ဆောက်ရမှန်းမသိဘူး။ တိုက်ပွဲကလည်း ပြန်မဖြစ်ဘူးဆိုတာ မပြောနိုင်ဘူးလေ”လို့ အသက် ၃၀နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား အပစ်ခတ်ရပ်စဲပြီးနောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ရာဒေသမှာ တိုက်ပွဲငြိမ်းသက်သွားပြီး တအာင်း (ပလောင်) တပ်ဖွဲ့ TNLA ထိန်းချုပ်ရာဒေသမှာတော့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

“ဒီမှာဆက်နေရင်လည်း သေမထူးနေမထူး ဘဝတွေပဲ။ ဖြစ်နိုင်ရင်တော့ နိုင်ငံခြားထွက်ပြီး အေးချမ်းတဲ့အရပ်မှာပဲ နေချင်တာပေါ့။ ဒါပေမယ့် အခုလောလောဆယ် ထွက်လို့မရသေးတော့ ဒီမှာနေနေရတာ ငရဲကျနေသလိုပဲ။ ဘယ်သွားသွား မလွတ်လပ်ဘူး။ အမြဲတမ်းကြောက်နေရတယ်” လို့ ဒေါ်ခေါင်နော်က စိုးရိမ်ပူပန်တဲ့လေသံနဲ့ ...............

October 11, 2024
မြန်မာ့အရေး ဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ...
October 10, 2024
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်များ...
October 9, 2024
သျှမ်းပြည် မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှကြောင့် အရပ် သား ၁...
October 8, 2024
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့်...