စစ်မှုထမ်းဟောင်းတွေ ပြန်ခေါ်ဖို့ အရန်တပ်ဖွဲ့ဥပဒေကို စစ်ကောင်စီ

စစ်မှုထမ်းဟောင်းတွေ ပြန်ခေါ်ဖို့ အရန်တပ်ဖွဲ့ဥပဒေကို စစ်ကောင်စီ
ဓာတ်ပုံ-CNICDS
ဓာတ်ပုံ-CNICDS

နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်မှု ထမ်းဟောင်းတွေကို ပြန်ခေါ် နိုင်ဖို့အတွက် အရန်တပ်ဖွဲ့ဥပဒေကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ ရက်စွဲနဲ့ အာဏာတည်စေတယ်လို့ ကြေညာလိုက်ပါတယ်။

အရန်တပ်ဖွဲ့ဥပဒေဟာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ၁၄ နှစ်အကြာမှာ စစ်ကောင်စီက အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

အရန်တပ်ဖွဲ့ ဥပဒေအရ စစ်တပ်မှ နုတ်ထွက်ခွင့်ရထားသူတွေနဲ့ အငြိမ်းစားယူခွင့်ရသူတွေဟာ ထွက်ခွင့်ရတဲ့နေ့မှစပြီး ၅ နှစ်အထိ အရန်တပ်ဖွဲ့ထဲ စစ်မှုထမ်းဆောင်ဖို့တာဝန်ရှိသလို ကာကွယ်ရေးဦးစီး ချုပ်အနေနဲ့ မိမိဆန္ဒအလျောက် နုတ်ထွက်သူတွေနဲ့ အငြိမ်းစားယူထားသူတွေကို အရန်တပ်ဖွဲ့ဝင်အ ဖြစ် ခန့်အပ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

အရန်တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ နိုင်ငံတော်အကျိုးအလိုငှာ ဆက်လက်တာဝန်ပေးအပ်ရန် လိုအပ်ရင်သတ်မှတ်ထားတဲ့ ၅နှစ် ကာလထက်ကျော်လွန်ကာ ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးအပ်နိုင်တယ်လို့လည်း ဥပဒေမှာ ဖော်ပြပါရှိပါတယ်။

ဝါရင့်တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ အရန်တပ်ဖွဲ့ဥပဒေကို ပြန်လည် အသက်သွင်းတာဟာ စစ်ပွဲတွေရှုံးနိမ့်ပြီး အင်အားမရှိတာကြောင့်ဖြစ်သလို အခုလိုစစ်သားဟောင်းတွေကို မရရအောင် ခေါ်နေပေမယ့် အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“သူတို့စစ်အင်အား အရမ်းလိုနေပြီဆိုတဲ့အခါကျတော့ စစ်ပွဲတွေကရှုံး၊ လက်နက်ကရှိပြီး လူအင် အားကလည်း မရှိဆိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆွဲစိတဲ့သဘောပဲ။ စစ်သားဟောင်းတွေ တပ်ကထွက်ချင်တိုင်း ထွက်လို့မရဘူး။ အကြောင်းအမျိုးမျိုးကြောင့် တပ်ကထွက်သွားလည်းပဲ ဒီဥပဒေအရဆင့် ခေါ်ရင် လာရမယ်။ မလာရင် သူတို့က (၃)နှစ်ချမယ်။ ဆိုတော့ အောင်မြင်မှာ မဟုတ်ပါဘူး။ သူတို့က နောက်ဆုံးလမ်းကို ရွေးလိုက်တာ။ သူရဲ့နောက်ဆုံးနေ့ကို ရောက်လာပြီ။ အမှားမှားအယွင်းယွင်းတွေ လုပ်လာတာပေါ့။ ကျွန်တော်တို့ကတော့ အောင်မြင်မယ်မထင်ပါဘူး ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ စစ်အင်အားတွေ အဆမတန် ပြုန်းတီးနေတဲ့အတွက် ရှိသမျှအင်အားစုဆောင်းလို့ရမယ့် ဥပဒေတွေကို ပြန်လည်အသက်သွင်းနေတာဖြစ်သလို အခုလိုပြန်လည်အသက်သွင်းနေတာကြောင့် ပြည်သူတွေအပြင် သူတို့ကို ထောက်ခံသူတွေပါ အခက်တွေ့စေတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အရန်တပ်ဖွဲ့ဥပဒေအရ လေ့ကျင့်ရေးအတွက် ဖြစ်စေ၊ အရေးပေါ်အခြေအနေအတွက် ဖြစ်စေ စစ် မှုထမ်းရန် ဆင့်ခေါ် ခံရတဲ့ တာဝန်ရှိသူဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်စဉ်က ခွင့်ပြုခဲ့တဲ့ နောက် ဆုံးအဆင့်နဲ့ စစ်ဝတ်စုံတွေကို သုံးစွဲခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

စစ်မှုထမ်းဟောင်း တစ်ဦးကလည်း နိုင်ငံအနှံ့တိုက်ပွဲတွေကောင့် စစ်သည်အင်းအားတော်တော်လေး ပြုန်းတီးလာပြီး ပြန်လည်ဝင်ရောက်တာ မရှိတဲ့အတွက် အခုလိုဥပဒေကို ပြန်လည်အသက်သွင်းတာဖြစ်သလို ကောင်းလာဖို့ရှိမှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။

“ငါတို့ကိုလာပြီး ဒုက္ခပေးနေပြန်ပြီ။ သူတို့ဘာသူတို့ စားလို့ဝါးလို့ အားမရတဲ့ဟာ ငါတို့ကိုလာပြီး ဒုက္ခပေးနေတဲ့ ဥပဒေပေါ့ကွာ။ မဝင်ချင်လို့ထွက်လိုက်တဲ့ သူတွေက ဘယ်သူက တောင်းဆိုမှာလဲ။ စစ်တပ်ကလူအင်အား တော်တော်နည်းသွားပြီ။ တပ်ရင်းတစ်ရာလောက် ပြုတ်သွားတယ်။ တပ်ရင်းတစ်ရင်းကို လူရှစ်ဆယ်နဲ့တွက်လိုက်ရင် လူရှစ်သောင်းလောက်ပြုန်းတီးသွားတာ။ အဲဒီနေရာမှာ သူတို့က စစ်မှုထမ်းဥပဒေနဲ့ ငါတို့ရဲ့ အရန်စစ်မှုထမ်းဆိုတဲ့ဟာကို ပြန်ပြီးတော့ အသက်သွင်းတာ။ လူလိုလို့ လုပ်လိုက်တာပေါ့ကွာ။ ဒါပေမယ့် စနစ်တိုင်းမှာ အားနည်းချက်ရှိတယ်။ အခုမှစလုပ်တဲ့အတွက်ကြောင့်မို့လို့ အားနည်းချက်တွေ အများကြီး ရှိနေမှာပေါ့။ စိတ်ညစ်စရာကြီးပါ။ ကောင်းလာဖို့တော့ မရှိဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်က ထွက်ခွာသူအများစုဟာ ကျန်းမာရေး မကောင်းတာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံး လိုက်ရတာအပြင် အသက်အရွယ်ကြီးမြင့်မှုကြောင့် ထွက်ခွာတာများတဲ့အတွက် သူတို့ကို ပြန်လည် ခေါ်ဆောင်ပါကလည်း လက်တွေ့ အသုံးမဝင်နိုင်ဘူးလို့ သူကထောက်ပြပါတယ်။

စစ်ကောင်စီက အရန်တပ်ဖွဲ့ဥပဒေအရ ဆင့်ခေါ်ခံရတဲ့သူတွေဟာ သတ်မှတ်နေရာ၊ သတ်မှတ်အ ချိန်အတွင်း စစ်မှုထမ်းရန်အတွက် လာရောက်ရမှာဖြစ်ပြီး လာရောက်ခြင်းမရှိဘဲ ပျက်ကွက်ပါက ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ်အပြင် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

တဖက်မှာတော့ နိုင်ငံအနှံ့စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ နိုင်ငံသားတိုင်းမဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တာကြောင့် လူငယ်၊ လူရွယ်တွေကြား စိုးရိမ်ပူ ပန်မှုတွေ မြင့်တက်နေသလို ပြည်ပထွက်ခွာ ထွက်ပြေးမှုတွေလည်း ရှိလာခဲ့တာပါ။

Most read this week

October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...
October 9, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး...