တိုက်ပွဲဖြစ်မည်စိုး၍ မောင်တောရှိ UN အပါအဝင် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့များ မြို့ကိုစွန့်ခွာ

တိုက်ပွဲဖြစ်မည်စိုး၍ မောင်တောရှိ UN အပါအဝင် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့များ မြို့ကိုစွန့်ခွာ

ရခိုင်ပြည်၊မောင်တောမြို့တွင် တိုက်ပွဲဖြစ်လာမည်စိုး၍ UN အပါအဝင် နိုင်ငံတကာအန်ဂျီအို အဖွဲ့ အများစုသည် မြို့ကိုစွန့်ခွာသွားပြီ ဖြစ်ကြောင်းသတင်းရရှိသည်။

မောင်တောမြို့မှ အန်ဂျီအို ဝန်ထမ်းများသည် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကနေ မောင်တောမြို့မှ တဆင့် ဘူးသီးတောင်သို့ ရောက်ရှိသွားကြပြီး ထိုမှ တစ်ဆင့် စစ်တွေမြို့သို့ ဆက်လက် ထွက်ခွာသွားကြသည်ဟု  မောင်တောမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" တိုက်ပွဲစဖြစ်ကတည်းက တဖြည်းဖြည်းစီ ထွက်ခွာသွားတာမျိုးရှိတယ်။ ဟိုတစ်နေ့က သွားတာကလည်း လူပေါင်း ၁၀ ကျော် ၂၀ ယောက်လောက်ပဲရှိမယ်။  မောင်တောကနေ ဘူးသီးတောင်ကို အရင်သွားကြတယ်။ အဲ့ဒီ ကနေတဆင့် ကိုယ့်နည်းကိုယ်ဟန်နဲ့ စစ်တွေကို သွားကြမှာ" ဟုပြောသည်။

အဆိုပါ UN အပါအဝင် INGO/NGOအဖွဲ့ဝင်များသည် မောင်တောထွေအုပ်ရုံးထံ သွားလာခွင့် ထောက်ခံချက် တောင်းခံပြီး မောင်တော-ဘူးသီးတောင်ကားလမ်းမှတဆင့် စွန့်ခွာသွားကြသည်ဟု မောင်တောမြို့ခံတစ်ဦးကပြောသည်။

" ကားလမ်းပိတ်ထားပေမယ့် သူတို့ဆီကို သွားလာခွင့်ထောက်ခံချက်တောင်းပြီး သွားကြတာ။ အရင်ကတည်းက တဖြည်းဖြည်းစွန့်ခွာနေကြတာ။ ကိုယ်မြို့ကို ကိုယ်ပြန်ကြတာလည်းရှိတယ်။ အလုပ်လည်းသိပ်မဖြစ်ဘူးဆို‌တော့။ နိုင်ငံခြား အန်ဂျီအိုတွေ မှာလုပ်တဲ့ မောင်တောဒေသခံ အနည်းငယ် လောက်ပဲကျန်ခဲ့တယ်။ သူတို့က စစ်တွေကိုသွားကြမှာ အဲ့ကနေ အခြေနေအရ တခြားနေရာကို သွားရင်သွားမှာပေါ့"  ဟုပြောသည်။

ထွက်သွားကြသည့် အဖွဲ့များ အထဲတွင် UNHCR၊ UNICEF၊ UNFPA၊ UNDP၊UNDSS၊ WFP၊ ACF ၊ BAJ ၊  IOM၊ Malteser ၊ UNDSS ၊ DRC၊ CFSI၊ NRC၊CSI၊ Word Vision တို့ ပါဝင်အပြီး ကျန်ရှိလိုက်သည့် အဖွဲ့မှာ လက်ရှိတွင် MSF၊  ICRC၊ MRCS  ဖြစ်ကြောင်း သိရှိရသည်။

ထို့သို့ထွက်ခွါသွားကြသူများတွင် ထိုအဖွဲအစည်းများမှ နိုင်ငံခြားသားများအားလုံးနှင့်ပြည်မထဲမှ ဝန်ထမ်းများအပြင် မောင်တောခရိုင်ဒေသခံဝန်ထမ်းများပါ ပါဝင်ကြောင်း INGO အဖွဲ့များထံမှ သိရှိရသည်။ ၎င်းအဖွဲ့များသည် ဘူးသီးတောင်မှတဆင့် အမြန်ယာဉ်ဖြင့် ယနေ့ထွက်ခွာသွားကြောင်း စုံစမ်းသိရှိရပါသည်။

ယခုကဲ့သို့ ရခိုင်တွင် တစ်နေ့ထက်တစ်နေ့ စစ်ရေးပြင်းထန်နေပြီး စစ်ဘောင်ကျယ်ပြန့်လာသည့်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြသည့် UN နှင့် နိုင်ငံတကာ အကူအညီပေးရေး INGO အဖွဲ့အစည်းများသည် ရခိုင်မှ ထွက်ခွာရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်းလည်း INGO သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၈ရက်နေ့က လူနေမြို့ပေါ်နှင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီ၏ လေကြောင်းရန်မှ ရှောင်ရှားကာကွယ်ရန်အတွက်   မောင်တောမြို့မှ UN  အပါအဝင် INGO ရုံးများ ခေါင်မိုးပေါ်တွင် အဖွဲ့အစည်း၏ အမှတ်အသားများ ပြုလုပ်ထားကြကြောင်း သိရသည်။

မောင်တောမြို့တွင် လက်ရှိဖေဖော်ဝါရီ ၁၂ရက်နေ့ထိ အခြေနေတည်ငြိမ်အေးချမ်းလျက် ရှိသည်ဟုဒေသခံများကပြောသည်။

Most read this week

October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...