စစ်အုပ်စုကို တစ်နှစ်အတွင်း အမြစ်ဖြတ်နိုင်မယ်လို့ ညီနောင်သုံးဖွဲ့ပြော

စစ်အုပ်စုကို တစ်နှစ်အတွင်း အမြစ်ဖြတ်နိုင်မယ်လို့ ညီနောင်သုံးဖွဲ့ပြော
ဓာတ်ပုံ-TNLA
ဓာတ်ပုံ-TNLA

တရုတ်လူမျိုးတွေရဲ့ နဂါးနှစ်အတွင်း မြန်မာလူထုတစ်ရပ်လုံးရဲ့ ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးဟာ ကိစ္စပြီးမြောက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

အခုနှစ်ဟာ တရုတ်လူမျိုးတွေရဲ့ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းမယ့် အထွတ်အမြတ်နဂါးနှစ်ဖြစ်ပြီး ထူးခြားသော ဝိသေသတွေနဲ့ ပျော်ရွှင်မှုတွေက မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ဆန္ဒနဲ့ ထပ်တူကျလိမ့်မယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က မျှော်လင့်တာပါ။

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ တရုတ်-မြန်မာနယ်စပ်တစ်လျှောက်မှာတရုတ်နှစ်သစ်ကူးကာလကို စိတ်လုံခြုံစွာနဲ့ကျော်ဖြတ်နိုင်ရေးအတွက် မိမိတို့ကနေ သေနတ်သံတွေမထွက်အောင် အထူးဂရုပြုနေတယ်လို့ ဆိုပါတယ်။

စစ်ရေးအကဲခတ်တစ်ဦးက အခုနှစ် တရုတ်နှစ်သစ်ကူးအပြီး ညီနောင်သုံးဖွဲ့ဘက်က ရှမ်းမြောက်မှာ စစ်ဆင်ရေးတွေပြန်ပြီး မလုပ်လာနိုင်ရင် စစ်အာဏာရှင်အပြီးသတ်ချေမှုန်းရေး မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ပါတယ်။

“ဒီ ၂၀၂၄ မှာ တရုတ်နှစ်သစ်ကူးပြီးရင် သူတို့ဘယ်လိုမျိုး စစ်ဆင်ရေးလုပ်လာနိုင်မလဲပေါ့။ ဒါတစ်ချက် ကြည့်ရမယ်။ ဒီအတိုင်းပဲ ပြီးသွားတယ်။ အခုက ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေအကြီးအ ကျယ်ဖြစ်နေတယ်။ ဒီလောက်နဲ့ပဲ ပြီးသွားတယ်။ ရှမ်းမြောက်က တိုက်ပွဲပြန်ပြီးတော့ မဖြစ်လာဘူးဆိုရင် သူတို့ပြောတဲ့ ၂၀၂၄ စစ်အာဏာရှင်အပြီးသတ်ချေမှုန်းမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောလို့ရတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရှမ်းမြောက်ဟာ တရုတ်ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကစပြီး ဒီကနေ့အထိ နှစ်ဖက်ပစ်ခတ်ရပ်စဲထားပေမယ့် ရခိုင်ဒေသမှာတော့ စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အခုနှစ်မှာ စစ်အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းတဲ့ မှတ်တိုင်နှစ်အဖြစ် မဟာမိတ်တွေနဲ့အားလုံး အစွမ်းကုန်ပူးပေါင်းသွားကြဖို့ အသင့်ဖြစ်နေပြီလို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

NUG ရဲ့ PDF တပ်ဖွဲ့ဝင်တွေကို လက်နက်အပြည့်အစုံ မတပ်ဆင်ပေးနိုင်သေးသလို မြေပြင်မှာလည်း အခက်အခဲတွေဖြစ်နေတဲ့အတွက် အခုနှစ် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးဟာ လက်တွေ့အကောင်အထည်ဖော်မှုမှာ အများကြီးလိုအပ်နေသေးတယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပြန်ပါတယ်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ NUG နဲ့ ညီနောင်သုံးဖွဲ့တို့ ဆုံးဖြတ်ချက်ဟာ ကိုက်ညီတဲ့အတွက် ဒီတစ်နှစ်အတွင်း စစ်အာဏာရှင်စနစ်ဖြတ်ချရေး ပြီးမြောက်မယ့် အခြေအ နေ တဖြည်းဖြည်း ရောက်ရှိလာပြီလို့ သုံးသပ်ပါတယ်။

“NUG ကလည်း ၂၀၂၄ ခုနှစ်မှာ စစ်အာဏာရှင်စနစ် အပြတ်တိုက်ရေးအတွက် နောက်ဆုံး အဆုံး အဖြတ်နှစ်အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီသတ်မှတ်ချက်နဲ့ အခုမြောက်ပိုင်းသုံးဖွဲ့က ညီနောင်သုံးဖော်တို့ရဲ့ ဆုံးဖြတ်ချက်ကလည်း NUG ရဲ့ ဆုံးဖြတ်ချက်နဲ့ ကိုက်ညီပါတယ်။ ဒါတွေဟာ ဒီတစ်နှစ်လုံးအတွင်းမှာ ပြီးမြောက်အောင် မြင်နိုင်တဲ့ အခြေအနေ တဖြည်းဖြည်းရောက်ရှိလာပြီလို့ ကျွန် တော်တော့ ယူဆပါတယ်ခင်ဗျာ”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် တော်လှန်ရေးအင်အားစုတွေက လမ်းများအားလုံး နေပြည်တော်သို့ဆိုပြီး ကြွေးကြော်ထားတဲ့အတွက် လောလောဆယ်မှာ စစ်ကောင်စီဌာနချုပ် နေပြည်တော်နဲ့ နယ်မြေနီးစပ်တဲ့ ပဲခူးနဲ့ ကရင်နီဒေသတို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ဖေဖော်ဝါရီ ၇ ရက်နေ့က ပဲခူးတိုင်း၊ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့အတွင်း တော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်ခဲ့သလို ဖေဖော်ဝါရီ ၈ ရက်နေ့မှာလည်း ကရင်နီက ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ၁၂ မိုင်ကုန်းတပ်စခန်းကို ဒေသတော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

နိုင်ငံတဝန်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ဟန်ချက်ညီစစ်ဆင်ရေးတွေအတွက်ကြောင့် အာဏာ သိမ်း သုံးနှစ်အတွင်း စစ်ကောင်စီဟာ မြို့ပေါင်း ၃၀ ထက်မနည်း တပ်စခန်းအကြီးအငယ် ရာနဲ့ချီ လက်လွှတ်ဆုံးရှုံးထားရပါတယ်။

October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...
October 9, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး...