TNLA သိမ်းပိုက်ထားတဲ့ မြို့ ၃ မြို့က ပြည်သူတွေကို NUG သွားရောက်တွေ့ဆုံ

TNLA သိမ်းပိုက်ထားတဲ့ မြို့ ၃ မြို့က ပြည်သူတွေကို NUG သွားရောက်တွေ့ဆုံ

TNLA က သိမ်းပိုက်ထားတဲ့ မြို့ ၃ မြို့မှာရှိတဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လည်း ဒီရက်ပိုင်းထဲ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ တအာင်းအဖွဲ့ (TNLA) က သိရပါတယ်။

သိမ်းပိုက်ထားတဲ့မြို့တွေဖြစ်တဲ့ မိုင်းငေါ၊ မိုင်းလုံ၊ မန်တုံမြို့တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ TNLA ထိပ်ပိုင်းခေါင်းဆောင်တွေ သွားရောက်ကြည့်ရှုချိန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဖက်ဒရယ်ရေးရာ ဒုတိယဝန်ကြီးလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

TNLA ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ ဗိုလ်ချုပ်တားဂျုတ်ဂျားနဲ့ ဗိုလ်မှူးချုပ်တားဘုန်းကျော်တို့ ဖြစ်တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

လူထုနဲ့တွေ့ဆုံတဲ့အချိန် NUG ရဲ့ ဒုဝန်ကြီး မိုင်းဝင်းထူးက NUG ရဲ့ နိုင်ငံရေးလမ်းပြမြေပုံနဲ့ လက်ရှိလုပ်ဆောင်ချက်တွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ပထမဆုံးအကြိမ်အဖြစ် TNLA က သိမ်းပိုက်ထားတဲ့မြို့တွေကို NUG ဘက်က သွားရောက်ကြည့်ရှုတဲ့အကြောင်း TNLA က ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့ NUG ရဲ့ အစိုးရအဖွဲ့ အစည်းအဝေး ထုတ်ပြန်ချက်မှာလည်း တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေနဲ့ သဘောတူညီမှုရအောင် ဆက်ကြိုးပမ်းရဦးမှာဖြစ်ပြီး အဲဒီထဲမှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့လည်း ယာယီသမ္မတဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ကတော့ စစ်ကောင်စီကို အပြီးသတ်ဖယ်ရှားပြီးရင် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နဲ့ အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်အစိုးရတွေဖွဲ့စည်းပြီး နိုင်ငံတည်ငြိမ်ရေးပြန်တည်ဆောက်မယ်ဆိုပြီး NUG အပါအဝင် စစ်ကောင်စီကိုတော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်တစ်ခု ထွက်ပေါ်ခဲ့ပါတယ်။

October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...