မိုးမိတ်တိုက်ပွဲ KIA နဲ့ပူးပေါင်းတပ်တွေဆုတ်သွားပြီး မြို့ကိုစစ်ကောင်စီတပ်ထိန်းချုပ်ထား

မိုးမိတ်တိုက်ပွဲ KIA နဲ့ပူးပေါင်းတပ်တွေဆုတ်သွားပြီး မြို့ကိုစစ်ကောင်စီတပ်ထိန်းချုပ်ထား

ကချင်နဲ့ရှမ်းပြည်မြောက်ပိုင်းအစပ် မိုးမိတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအပါအဝင်တော်လှန်ရေးအင်အားစုတွေ တပ်ပြန်ဆုတ်သွားပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က မြို့တွင်းကိုပြန်လည်ထိန်းချုပ်ထားတယ်လို့ စစ်ဘေးရှောင်နေတဲ့ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က KIAနဲ့ကာကွယ်ရေးတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ မိုးမိတ်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပေမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ တပ်ဆုတ်သွားပြီဖြစ်ပြီး မြို့တွင်းကို စစ်ကောင်စီတပ်ကဝင်ရောက်ပြီး နယ်မြေရှင်းလင်းတာတွေလုပ်နေတယ်လို့ ဘေးလွှတ်ရာ ရောက်နေတဲ့ စစ်ဘေးရှောင်တစ်ယောက်ကပြောပါတယ်။

“ လတ်တလောက ဟိုဘက်အဖွဲ့အစည်းတွေကပြန်ဆုတ်သွားတယ်လို့ပြောတယ်ဗျ။ တပ်ကတော့ မြို့ထဲ ဝင်ပြီး ရှင်းလင်းရေးတွေလုပ်တယ်လို့ သတင်းရပါတယ် မနေ့က ကယ်ဆယ်ရေးလုပ်နေတဲ့ တစ်ယောက် ကဖုန်းဆက်လာတယ် မြို့ထဲကို ပေးမဝင်ဘူးလို့ပြောတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ပိုင် ရုပ်သံချန်နယ်လ်တွေနဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တွေမှာလည်း မိုးမိတ် မြို့ကို စစ်ကောင်စီတပ်ဘက်ကပြန်လည်ထိန်းချုပ်ထားပြီလို့ ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ထဲကို ဝင်လာနိုင်တဲ့နေရာတွေအားလုံးကို လုံခြုံရေးတွေချပြီးနေရာယူထားသလို မြို့ရှောင်လမ်း၊ အုန်းချောရွာသစ် နဲ့ မြို့ပတ်ပတ်လည်နေရာတချို့ကို ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ မြို့တွင်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေလို့ပေးမဝင်တာ ဖြစ်တယ်လို့ပြောပေမဲ့ စစ်ကောင်စီတပ်ဘက်က မြို့တွင်းထဲကဆိုင်တွေထဲ ဝင်ပြီးတန်ဖိုးကြီး ပစ္စည်းတွေသယ်ယူ တာတွေလုပ်နေတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

“ သူတို့ဘက်ကပြောတာပေါ့နော် မြို့ထဲ ဗုံးတွေဘာတွေထောင်ထားထဲ့မှာစိုးလို့ ပြည်သူတွေထိမှာစိုးလို့ ပြောတာပေါ့နော် ဒါပေမဲ့ ခံစားရတဲ့ပြည်သူတွေကတော့ အကုန်လုံးကပြောတာပေါ့နော် မြို့တွင်းထဲက ပစ္စည်းတွေဆိုရင် ထော်လာဂျီတွေနဲ့တိုက်ပြီးကိုယူတယ်တဲ့ ဆိုင်ကယ်ဆိုင်တွေကလည်း တစ်စီးပြီးတစ်စီး ယူတယ်လို့ ပြောတယ်ဗျ” လို့  ပြောပါတယ်။

မိုးမိတ်မြို့နယ်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး KIA နဲ့ PDF ပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီးတော့ တိုက်ပွဲစတင်ခဲ့ရာ စစ်ကောင်စီတပ်ဘက်ကလည်း ခရိုင်အဆင့်ရှိတဲ့ မိုးမိတ်မြို့ကို လက်မလွှတ်ရရေး လေကြောင်းနဲ့ပစ်ခတ်တာအပြင်၊ လက်နက်ကြီးတွေနဲ့ အစွမ်းကုန်ခုခံခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြို့တွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့သလို နေအိမ်မီးရှို့ဖျက်ဆီးတာတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့လို့ မြို့တွင်းရဲ့ ၄ ပုံ ၃ ပုံလောက်က ပျက်စီးသွားပြီလို့ ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာ မြို့တွင်းအရပ်သားသေဆုံးမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပေမယ့် အသေးစိတ်အခြေနေကို ဖုန်းနဲ့အင်တာနက်လိုင်းအခက်အခဲကြောင့် KNG က အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် တစ်ဖက်မှာ တိုက်ပွဲစဖြစ်လာပြီး ၄ ရက်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ မြို့တွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေလုံးဝပြတ်တောက်သွားခဲ့ရာ ဒီကနေ့အထိ အဆက်အသွယ်မရပျောက်ဆုံးနေတဲ့ အရပ်သားကလည်း ရာနဲ့ချီရှိနေသေးတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီကသိရပါတယ်။

မိုးမိတ်မြို့နယ်ထဲမှာတော့ ခလရ ၂၂၃ ၊ခလရ ၂၇၆ တပ်ရင်းတွေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၄၈ တပ်ရင်းတို့အပြင် ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် ဗျူဟာတစ်ခု တည်ရှိပြီး စစ်ရေးအရ အရေးပါတဲ့ မြို့တစ်ခုဖြစ်တယ်လို့ စစ်ရေးနဲ့နိုင်ငံရေးလေ့လာ သူတွေကသုံးသပ်ကြပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...