အပစ်ရပ်သဘောတူညီချက်များကို စစ်ကောင်စီ ချိုးဖောက်နေကြောင်း မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန်

အပစ်ရပ်သဘောတူညီချက်များကို စစ်ကောင်စီ ချိုးဖောက်နေကြောင်း မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန်

တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်ကောင်စီက “ဟိုင်ဂင်သဘောတူညီမှု” ကို  အလေးမထားဘဲ ချိုးဖောက်နေကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဇန်နဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် မြောက်ပိုင်းညီနောင်အဖွဲ့များ၏ နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှုများကို ပြန်လည်လုပ်ဆောင်လာကြောင်း ထောက်ပြထားသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်း ၂ ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၏ ကိုးကန့်ဒေသ မူပန်ခရိုင်အတွင်း ထိုးစစ်ဆင်လာခဲ့ပြီး MNDAA ဘက်မှ တပ်သားတစ်ဦးသေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၏ သိန္နီမြို့နယ်စပ်တံတားဘက်ခြမ်းကို စစ်ကောင်စီ၏ လားရှိုးမြို့နယ်၊ နမ့်တွန်ရွာ တပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ဟိုဂင်သဘောတူညီမှုကို စစ်ကောင်စီက ဇန်နဝါရီလတွင် ပထမအကြိမ်ချိုးဖောက်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်မြောက် ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဟိုင်ဂင် သဘောတူညီချက်တွင် နှစ်ဖက်တပ်အနေဖြင့် လက်ရှိရောက်နေသည့်နေရာမှ ရှေ့ဆက်မတိုးရန်၊ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဘက်မှ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆက်မလုပ်ရန်၊ စစ်ကောင်စီအနေဖြင့် လက်လွှတ်ထားရသည့်နယ်မြေများသို့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ မလုပ်ရန် သဘောတူညီထားခြင်းဖြစ်သည်။

ညီနောင် မဟာမိတ် သုံးဖွဲ့က "တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးတဲ့ "ဟိုင်ဂင် သဘောတူညီမှု” ကြောင့်သာ မဟုတ်ရင် မြို့ကြီးတချို့ကို ဆက်လက်သိမ်းပိုက်ထားပြီးပြီ။ ဟိုင်ဂင် သဘောတူညီချက်တွေကို မလိုက်နာခဲ့ရင် သတ်မှတ်ထားတဲ့အတိုင်း စစ်ဆင်ရေးပစ်မှတ်တွေနဲ့ မြိုသိမ်းတိုက်ပွဲတွေကို ဆက်လက်အကောင်အထည်ဖော်နေလိမ့်မယ်" ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ကြား အပစ်အခတ် ရပ်စဲရေးသဘောတူထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင်  တိုက်ခိုက်မှုများ ဆက်ရှိနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

နမ့်ဆန်မြိုနယ် ကွယ်ဟယ်ကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ငါးကြိမ် တိုက်ခိုက်ခဲ့ကာ နမ္မတူမြိုနယ်၊ မန်လီကျေးရွာကိုလည်း ဂျက်ဖိုက်တာဖြင့်  ဗုံးကြဲခဲ့ဟုလည်း ဖော်ပြထားသည်။

မဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် စာချုပ်ချုပ်ဆိုပြီးနောက် ရှမ်းမြောက်ဒေသကို ဆက်လက်တိုက်ခိုက်ခဲ့မှုများနှင့်ပက်သက်ပြီး စစ်ကောင်စီဘက်မှလည်း တစ်စုံတရာ တုံ့ပြန်ဖြေရှင်းခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ ယခုကဲ့သို့ သဘောတူညီချက်ဖောက်ဖျက်မှုကြောင့်ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပြန်ဖြစ်လာနိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

“ဒီလိုဆက်ချိုးဖောက်နေမယ်ဆိုရင် စခန်းဆက်သိမ်းမယ်ဆိုတာ မြောက်ပိုင်းအဖွဲ့တွေဘက်က ပြောထားပြီးသားလေ။ ဒါကို ဆက်လုပ်နေမယ်ဆိုရင် တရုတ်ရဲ့ ကြားဝင်စေ့စပ်ထားတာကလည်း မြောင်းထဲရောက်သွားမှာပဲ။ စခန်းသိမ်းတိုက်ပွဲတွေ ဆက်ရှိလာမှာပါ” ဟု ၎င်းက ဆိုသည်။

မြန်မာစစ်တပ်မှ လက်လွှတ် ဆုံးရှုံးခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသည့် နယ်မြေများတွင် ဒေသတွင်းအေးချမ်းမှုမရှိစေရေး လက်နက်ဆန်းများဖြင့် တိုက်ခိုက်သွားမည်ဟု စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ NSPNC မှ ဒီဇင်ဘာလ ၂၃ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သေးသည်။

ဟိုင်ဂင် သဘောတူညီချက်ရရှိချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ပေါင်း ၁၆ မြို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်များက သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

October 11, 2024
စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်တွင် နယ်မြေမတည်မှုများနှင့် လုံခြုံမှုမရှိသည့်...
October 10, 2024
မြန်မာပြည်တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ တို့တွင် စစ်ကောင်စီတပ်က...
October 8, 2024
မွန်ပြည်သူလူထုတို့ လိုလားနေသည့် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောက်ရွက်ရေးသည်...
October 8, 2024
မြန်မာပြည်တောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်း တို့တွင် စစ်ကောင်စီတပ်၏...