မြဝတီနယ်စပ်က တရုတ်ငွေလိမ်ဂိုဏ်းနေရာများအတွက် အလုပ်သမားအသစ် ခေါ်ယူမှုဆက်ရှိနေပြီး လုပ်ငန်းများလည်ပတ်ဆဲ

မြဝတီနယ်စပ်က တရုတ်ငွေလိမ်ဂိုဏ်းနေရာများအတွက် အလုပ်သမားအသစ် ခေါ်ယူမှုဆက်ရှိနေပြီး လုပ်ငန်းများလည်ပတ်ဆဲ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ဧရိယာအတွင်းက တရားမဝင်အွန်လိုင်းလောင်း ကစားရုံနှင့် အွန်လိုင်း ငွေလိမ်လုပ် ငန်းနေရာများတွင် အလုပ်သမားအသစ်များ ဆက်လက် ခေါ်ယူအလုပ်ခန့် ခိုင်းစေမှုဆက်ရှိနေပြီး လုပ်ငန်းများ လည်း နေ့စဉ်ပုံ မှန်လည်ပတ်နေကြဆဲဖြစ်ကြောင်း သိရှိရသည်။

ထိုင်း-မြန်မာ စစ်တပ်အကြီးတန်း စစ်ဗိုလ်ချုပ်အရာရှိများ နယ်စပ်လုံခြုံတည်ငြိမ်ရေးအစည်းအဝေးများ ဆက်တိုက်လုပ်ဆောင်ကာ မြဝတီနယ်စပ်အခြေပြုထားသည့် တရားမဝင်လောင်းကစားလုပ်ငန်းများ နှိမ်နှင်း တော့မည့် သတင်းများကျယ် ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း လက်ရှိ မြဝတီကာစီနိုရုံများတွင် နေ့စဉ်အ လုပ်သမားအသစ်များခေါ်ယူပြီး အလုပ်ခန့်မှုများဆက်ရှိနေဆဲဖြစ်ကြောင်း အလုပ်သမား ခေါ်ယူ ပို့ဆောင် ပေးသည့် အလုပ်အကိုင်ရှာဖွေပေးသူတစ်ဦးက ပြောသည်။

“မြဝတီမှာကတော့ အလုပ်က ကာစီနို ဖဲဝေတာ၊ အွန်လိုင်း‌ငွေလိမ်ပေးရတာ၊ လောင်းကြေး စာရင်းကိုင်ရတာတွေ လုပ်ဖို့ကာစီနိုတိုင်းမှာ လူလိုတယ်။ ကျနော်တို့က ကွန်ပြူတာကိုင်တာ၊ ဖဲဝေတာ သင်ပေးတဲ့သူဆီ သင်တန်း သဘောမျိုး ပြပေးတယ်။ တရုတ်စကား၊ အင်္ဂလိပ်စကားသင်ပေးတယ်။ ပြီးရင် လူလိုတဲ့နေရာကို ပို့ပေးတယ်။ လစာကတော့ ဘတ် ၈ ထောင်လောက်ကနေပြီး နှစ်သောင်းခွဲ လောက်အထိ ရကြတယ်။ အခုက ဖမ်းမယ်ဆီး မယ်သာ သတင်းဖြစ်နေတာ၊ အားလုံးကဂိတ်တွေမှာ အေးအေး ဆေးဆေးပဲ”ဟု ၎င်း အလုပ်ရှာဖွေပေးသူက ပြောသည်။

လက်ရှိ မြဝတီမြို့ ဧရိယာအတွင်း တရားမဝင် တရုတ်လောင်းကစားရုံ ပေါင်း ၃၀၀ ကျော်ခန့်ရှိနေပြီး အထောက် အထားမဲ့တရုတ်လူမျိုးများ နေထိုင်သည့် တိုက်တန်းလျား၊ အဆင်မြင့်ကွန်ဒိုတိုက်ခန်း အဆောက်အဦးပေါင်း ၁၀၀ ကျော်ခန့်အား ကရင်နယ်ခြားစောင့်တပ်-BGF နှင့် စစ်ကောင်စီအုပ်ချုပ်ရေး အဖွဲ့များမှ ဆောက်လုပ်နေထိုင်ခွင့် ပြု ပေးထားကြောင်း မြဝတီ မြေစာရင်းဌာနနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

စစ်တပ်၊ BGF တပ်အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် မြဝတီ မြို့ခံတစ်ဦးက “မြဝတီမှာက တရုတ်နေတာတွေ၊ ဈေးဆိုင်တွေ၊ ဂိမ်းရုံတွေ များလာနေပြီ၊ အမှတ် ၅ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်တို့ဘက်မှာဆို အိမ်ငှားနေ တာမျိုးတွေ အထိရှိလာနေပြီ။ ငါးပစ်ဂိမ်း၊ ကာစီနိုရုံ မျိုးတွေ ရပ်ကွက်ထဲတင်ဖွင့်ပြီး လူတွေလည်း နေနေကြတယ်။ စစ်တပ်နဲ့ BGF နဲ့ ပေါင်းပြီးလုပ်နေကြတာဆိုတော့ ရပ်ကွက်သားတွေ ပြောမရဲ၊ တိုင်မရဲကြဘူး”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ကိုယ့်မြန်မာလူငယ်တွေက အဲ့နေရာတွေမှာ အလုပ်လုပ်ကြ တာများတယ်။ ခေတ်ပျက်၊ လမ်းပျက်၊ တိုက်ပွဲ တွေ ဖြစ်၊ လမ်းတွေ ပိတ်နေတော့ တခြားအလုပ်မရှိကြဘူး။ ဂိမ်းရုံ အလုပ်ပဲရှိတယ်။ တစ်ရုံ မကောင်း ၊ နောက်တစ်ရုံ ပြောင်းလုပ်ကြတာမျိုးနဲ့ပဲ ငွေရအောင် လုပ်နေကြတယ် ”ဟု ဖြည့်စွက် ပြောဆိုသည်။

လတ်တလော ထိုင်း-မြန်မာ နယ်စပ် တရားမဝင် ငွေလိမ်လုပ်ငန်း နေရာများဖြစ်သော ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ KK Park၊ ကျောက်ခက်၊ ဝေါလေ ဒေသနေရာများ နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ ဘက်အခြမ်းတွင် စစ်ဆေးစောင့်ကြည့်မှုများ ယခုရက်ပိုင်းအတွင်း ပိုမိုလုပ်ဆောင်လာမှုများ ရှိနေသော်လည်း စစ်ဆေးဖမ်းဆီးမှုများ မတွေ့ရှိရသေးကြောင်း နယ်စပ်နေထိုင်သူများ ပြောစကားအရ သိရသည်။

အဆိုပါ တရားမဝင် ကာစီနိုလုပ်ငန်းနှင့် ငွေလိမ်လုပ်ငန်းများ အများဆုံးရှိနေသည့် မြဝတီမြို့ပြင် နေရာများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် လက်ခတ်တောင်၊ မြဝတီ အာရှလမ်းသစ်၊ သင်္ဃန်းညီးနောင်ကျေးရွာဘက် ခမရ ၃၅၅ ၊ ၂၇၅ စစ်တပ်နေရာများတွင် နှစ်ဘက်ပစ်ခတ်မှုများအပြင် လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။

October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...