KNU အုပ်ချုပ်မှုနယ်မြေများတွင် စစ်ဘေးရှောင်ပြည်သူ ၇ သိန်းကျော် ရှိလာ

KNU အုပ်ချုပ်မှုနယ်မြေများတွင် စစ်ဘေးရှောင်ပြည်သူ ၇ သိန်းကျော် ရှိလာ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေ ခရိုင် ၇ ခုတွင် စစ်တပ် အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် သုံးနှစ်နီးပါးကာလအတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေထိုင်ရသော စစ်ဘေးရှောင် ခုနစ်သိန်းကျော် ရှိလာပြီဖြစ်ကြောင်း ကေအဲန်ယူ၏ ဇန်နဝါရီလ(၁၈)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စစ်ဘေးရှောင်များတွင် KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၏ စစ်ဘေး ရှောင်ပြည် သူဦးရေမှာ (၂၄၈,၁၆၀)ဦးဖြင့် ခရိုင် ၇ ခုအနက် အများဆုံးပမာဏဖြစ်နေပြီး တပ်မဟာ(၆) ဒူးပလာယာခရိုင်၏ စစ်ရှောင်ဦးရေမှာ (၁၄၉,၉၆၉) ဦးဖြင့် ဒုတိယအများဆုံးဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့တိုက်ပွဲနှင့် မုန်းမြို့တိုက်ပွဲများကြောင့် ယခင်လများကနှင့် နှိုင်းယှဥ်ပါက စစ်ရှောင်ဦးရေ ထိုကဲ့သို့ ပိုမိုတိုးပွားလာခဲ့ခြင်းဖြစ်ပြီး ကူညီထောက်ပံ့မှု အပြည့်အဝ မပေးနိုင်သေးကြောင်း ကရင်အရပ်ဘက် စစ်ရှောင်ကူအဖွဲ့များထံမှ သိရသည်။

ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ-CIDKP ၏ ဒု-တာဝန်ခံ စောခဲလေက “နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ အကူအညီရရှိအောင် အစွမ်းကုန်ကြိုးစားပေမယ့် ကျနော်တို့ လုပ်နိုင် တာ အရမ်းကိုနည်းပါသေးတယ်။ လူ(၇)သိန်းကျော်ဆိုတာက နည်းတာမဟုတ်ဘူးလေ။ လိုအပ်ချက် ကလည်း အစာရေဆာတစ်ခုတည်းမဟုတ်ဘူး။ ပြီးတော့ သူတို့ရဲ့နောင်ရေး၊ ပြန်လည်နေ ရာချထားရေးတွေ၊ အလုပ်အကိုင်အစားအသောက်တွေအတွက်လည်း စဥ်းစားရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

CIDKP အနေဖြင့် သီးသန့်ကောက်ခံထားသော စာရင်းများအရ ကော်သူးလေနယ်မြေအတွင်း စစ်ဘေး ရှောင်ပြည်သူဦးရေ ၇၅၂၀၀၀ (ခုနှစ်သိန်းငါးသောင်းနှစ်ထောင်)ကျော်ရှိနေပြီး ထိုပမာဏ၏ အရေ အတွက် တစ်ဝက်ကိုပင်လျှင် လုံလောက်သောထောက်ပံ့မှုမပေးနိုင်သေးကြောင်း စောခဲလေက ဆက်ပြောသည်။

“အဲဒီ ၇ သိန်းကျော်ရဲ့တစ်ဝက်လောက်တောင် ကျနော်တို့မထောက်ပံ့နိုင်သေးဘူး။ ထောက်ပံ့ နိုင်တာတောင် လတိုင်းမဟုတ်ဘူး။ တစ်လလောက်ထောက်ပံ့ပြီး လေးငါး လလောက် လွှတ်ထားရတာမျိုးပါ။ လိုအပ်ချက်ကတော့ အများကြီးရှိနေပါသေးတယ်။” ဟု ၎င်းက ပြောသည်။

စစ်တပ်က ပြည်သူလူထုအား စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်၍ လက်နက်ကြီးနှင့် လေကြောင်း အသုံးပြုပစ်ခတ်ခြင်းအပြင် အခြားသောအကြမ်းဖက်မှုပုံစံမျိုးစုံဖြင့် တနေ့တခြား တိုးမြင့်  လုပ်ဆောင်နေ သည့်အတွက် စစ်ဘေးရှောင်ဦးရေ တိုးလာရခြင်းဖြစ်သည်ဟုလည်း သက်ဆိုင်ရာ ခရိုင်အလိုက် စစ်ရှောင်ဦးရေ စာရင်းအတိအကျကို ကေအဲန်ယူက ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

နယ်မြေအတွင်း တိုက်ပွဲနှင့်ပစ်ခတ်မှုများအပြင် စစ်ကောင်စီက နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများသည် အိုးအိမ်မဲ့ နေရပ်စွန့်ခွာထွက်ပြေးရသော ဒုက္ခအပြင် လူမှုစီးပွားရေးထိခိုက်မှုနှင့် စားဝတ်နေရေးလိုအပ်ချက်များလည်း တွေ့ကြုံခံစားနေရပြီး ပဋိပက္ခအတွင်း အသက်သေကြေ ထိခိုက် သည်အထိ လုံခြုံရေးကင်းမဲ့နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

အာဏာသိမ်းမှု(၃)နှစ်နီးပါးကာလအတွင်း ကျန်ရှိ တပ်မဟာ(၁) သထုံခရိုင်တွင် စစ်ဘေးရှောင် ဦးရေ (၁၄၃,၅၂၉)ဦး၊ တပ်မဟာ(၂) တောအူးခရိုင်တွင် (၂၀,၁၅၂) ဦး၊ တပ်မဟာ(၄) မြိတ်/ထားဝယ်ခရိုင်တွင် (၇၅,၁၈၅)ဦး၊ တပ်မဟာ(၅) မူတြော်ခရိုင်တွင် (၉၁,၆၀၃) ဦးနှင့် တပ်မဟာ(၇) ဖားအံခရိုင်တွင် (၂၂,၉၈၁)ဦးအထိ ရှိနေသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...