ရခိုင်တိုက်ပွဲ ၃လအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အရပ်သား ၈၁ ဦးသေဆုံး၊ ၂၆၀ ဦး ထိခိုက်ဒဏ်ရာရ

ရခိုင်တိုက်ပွဲ ၃လအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အရပ်သား ၈၁ ဦးသေဆုံး၊ ၂၆၀ ဦး ထိခိုက်ဒဏ်ရာရ

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်မှ ယခုဇန်နဝါရီ ၁၃ ရက်နေ့ အထိ (၃) လကာလအတွင်း  စစ်ကောင်စီ၏ လေယာဉ်၊ လက်နက် ကြီးငယ်များဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသည့် ရခိုင်အရပ်သား (၈၁) ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ (၂၆၀) ဦး ရှိသည်ဟု  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး HDCO က ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် သေဆုံးသူ ၂၈ ဦး ဒဏ်ရာရသူ ၁၀၃ ဦး၊ ဒီဇင်ဘာလတွင် သေဆုံးသူ ၂၇ ဦး ဒဏ်ရာရသူ ၆၆ ဦးနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သေဆုံးသူ ၂၆ ဦး ဒဏ်ရာရသူ ၉၁ ဦးရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအထဲတွင် လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် သေဆုံးသူမှုမှာ အများဆုံးဖြစ်ပြီး သေဆုံးသူ အရပ်သား (၅၀) ဦးနှင့် ဒဏ်ရာရရှိသူ အရပ်သားမှာ (၁၇၁) ဦးထိ ရှိခဲ့သည်။

စစ်ကောင်စီတပ်၏ လက်နက်ငယ်ဖြင့်ပစ်ခတ်၍  သေဆုံးမှုမှာ ဒုတိယ အများဆုံးဖြစ်ပြီး သေဆုံးသူ အရပ်သား (၁၈)ဦးနှင့် ဒဏ်ရာရသူ အရပ်သား (၁၉)ဦးရှိသည်။

လေယာဉ်မှ ပစ်ခတ်မှုကြောင့် သေဆုံးသူ (၂)ဦးနှင့် ဒဏ်ရာရသူ (၂၉)ဦး၊ ဒရုန်းဖြင့်ပစ်ခတ်၍သေဆုံးသူ (၇)  ဦးနှင့်ဒဏ်ရာရရှိသူ (၂၄)ဦး၊ မိုင်းပေါက်ကွဲခြင်းကြောင့် သေဆုံးသူ(၁)ဦးနှင့် ဒဏ်ရာရသူ (၁၀) ဦး ရှိသည်။

၎င်းပြင် ရေတပ် နေဗီမှ ပစ်ခတ်ခြင်းကြောင့် သေဆုံးသူ (၃)ဦးနှင့် ဒဏ်ရာရသူ(၄)ဦး၊ စစ်ကျန်လက်နက် ပေါက်ကွဲခြင်းကြောင့် ဒဏ်ရာရသူ(၂)ဦး၊ တစ်ခြားပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ၁ ဦးဟု ထုတ်ပြန်ချက်တွင်‌ ဖော်ပြထားသည်။

သေဆုံးမှုစာရင်းကို မြို့နယ် အလိုက်ထုတ်ပြန်ရာတွင် မြောက်ဦးမြို့နယ်တွင် အရပ်သား သေဆုံးမှု အများဆုံးဖြစ်ပြီး သေဆုံးသူ  (၂၅) ဦးအထိ ရှိပြီး ဒဏ်ရာရသူ(၄၀)ဦးရိသသည်။

ဒုတိယသေဆုံးမှု အများဆုံးမှာ မင်းပြားမြို့နယ်ဖြစ်ပြီး သေဆုံးသူ (၁၄) ဦးနှင့်ဒဏ်ရာရသူ (၆၁)ဦးရှိသည်။

တတိယ သေဆုံးမှုအများဆုံးမှာ ပေါက်တောမြို့နယ်ဖြစ်ပြီး သေဆုံးသူအရပ်သား (၁၁) ဦးနှင့် ဒဏ်ရာ ရသူ(၂၃)ဦးရှိသည်။

စတုတ္ထသေဆုံးမှု အများဆုံးမှာ ကျောက်တော် နှင့် ဘူးသီးတောင်မြို့နယ်တို့ ဖြစ်ကြသည်။ ကျောက်တော်မြို့နယ်တွင်သေဆုံးသူ(၁၀) ဦးနှင့်ဒဏ်ရရာသူ (၃၄)ဦးနှင့် ဘူးသီးတောင်မြို့နယ် တွင် သေဆုံးသူ (၁၀)ဦးနှင့် ဒဏ်ရာ ရသူ (၂၁)  ဦးရှိသည်။

တစ်ခြားသေဆုံးမှုများမှာ မောင်တောမြို့နယ် တွင်သေဆုံးသူ(၁)ဦးနှင့် ဒဏ်ရာရ(၁၇)ဦး၊ ရသေ့တောင်တွင်သေဆုံးသူ(၂)ဦးနှင့် ဒဏ်ရာရသူ(၁၀)ဦး၊ စစ်တွေတွင်သေဆုံးသူ (၂) ဦးနှင့် ဒဏ်ရာရသူ (၁၅)ဦး၊ ပုဏ္ဏားကျွန်းတွင် ဒဏ်ရာရသူ(၂)ဦး၊ ပလက်ဝတွင် သေဆုံးသူ (၂)ဦးနှင့် ဒဏ်ရာရသူ(၁၉)ဦး၊

မြေပုံတွင်သေဆုံးသူ(၁)ဦးနှင့် ဒဏ်ရာရသူ(၆)ဦး၊ အမ်းတွင် သေဆုံးသူ(၂)ဦး နှင့် ဒဏ်ရာရသူ(၇)ဦး၊ ရမ်းဗြဲတွင် သေဆုံးသူ(၁)ဦးနှင့်‌ ဒဏ်ရာရသူ(၂)ဦးတို့ ဖြစ်ကြောင်း သိရသည်။

ယခုစာရင်းသည်  နိုဝင်ဘာ ၁၃ရက်မှ ဇန်နဝါရီ ၁၃ရက်အထိ ဖြစ်ကြောင်း သိရသည်။

ရခိုင်မှ မြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် AA ကိုထိတွေ့တိုက်ခိုက်မှုထက် အရပ်သား ပြည်သူများ နေထိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများသို့ အဓိကဦးတည်တိုက်ခိုက်လျက်ရှိသည်။

ယင်းသို့ပြည်သူဗဟိုပြုတိုက်ခိုက်ရာတွင် မြို့ပေါ်မှ လူနေရပ်ကွက်များနှင့် ကျေးရွာများပါမချန် ကြည်း၊ရေ၊လေဖြင့် ဘက်ပေါင်းစုံတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်းသိရသည်။ ရခိုင်တွင် မြောက်ဦး၊မင်းပြား၊ပုဏ္ဏားကျွန်း၊ပေါက်တော၊ရမ်းဗြဲမြို့များကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေ၍ ပြည်သူအများအပြား သေဆုံးမှုရှိခဲ့သလို လက်ရှိတွင် မြို့လုံးကျွတ်ထွက်ပြေးတိမ်းရှောင် နေကြရဆဲဖြစ်ကြောင်း သိရသည်။

October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...
October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...