ရခိုင်ပြည်သူလူထုက သူ့ AA အပေါ်ထားတဲ့သဘောထား။ AA ကလည်း သူ့ ပြည်သူအပေါ် ထားတဲ့ သဘောထားကို ကျွန်မ ကောင်းကောင်းနားလည်တယ်။”

ရခိုင်ပြည်သူလူထုက သူ့ AA အပေါ်ထားတဲ့သဘောထား။ AA ကလည်း သူ့ ပြည်သူအပေါ် ထားတဲ့ သဘောထားကို ကျွန်မ ကောင်းကောင်းနားလည်တယ်။”

“နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော”

ရခိုင်စစ်ပွဲဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က တစ်ဖန်ပြန်ပြီးစတင်ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိဆိုရင် ရက္ခိုင့်တပ်တော်က ပလက်၀ဒေသ တစ်ခုလုံးအပါအဝင် နယ်မြေအတော်များများကို သိမ်းပိုက် ထိန်းချုပ် ထားပါတယ်။ စစ်ကောင်စီတပ်တွေလည်း တစ်တပ်ပြီးတစ်တပ်လဲပြိုကျ၊ ဆုံးရှုံးမှုတွေလည်း အကြီးအကျယ် ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တရုတ်ရဲ့ဖိအားနဲ့ တစ်ခါ အပစ်ရပ်စဲရေး သဘောတူညီမှုကို လက်မှတ် ထိုးထားရတာတွေလည်း ရှိနေပါတယ်။ ဒီလို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အခြေအနေတွေကြားထဲမှာ ရခိုင်နိုင်ငံရေး၊ စစ်ရေးက ဘယ်လို ဖြစ်လာနိုင်သလဲ။ မြန်မာနိုင်ငံရေးကို ထဲထဲဝင်ဝင် သိရှိနားလည်သူ “နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော” ကို နိရဉ္စရာက သတင်းထောက်   က မေးမြန်းပြီးတင်ပြပေးလိုက်ပါတယ်။ …

မေး-- တရုတ်ရဲ့ ဖိအားကြောင့် ရှမ်းမြောက်အပစ်ရပ်ရတယ်။ ဒီအပစ်ရပ်စဲတာက ရခိုင်စစ်ရေး အခြေအနေကို ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မယ်လို့ သုံးသပ်ပါသလဲ။

ဖြေ- စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ တရုတ်မှာဆွေးနွေးပြီးအပစ်ရပ်တာက မြောက်ပိုင်းဒေသ တစ်ခုအတွက်ပဲ။ ရခိုင်နဲ့ သိပ်မဆိုင်ဘူး။ ဘယ်သူမှလည်း ကတိပေးမထားဘူးလေ။ အေအေက ကတိပေးတယ်လို့လည်း မကြားဘူး။  မြောက်ပိုင်းညီနောင် သုံးဖွဲ့က ကတိပေးတာတော့ဟုတ်တယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေကို ကတိပေးတာဖြစ်တယ်။ ရခိုင်ဖက်မှာ လွတ်လွတ်လပ်လပ် လုပ်လို့ရတာပဲ။ ရခိုင်က ပြဿနာမရှိဘူးထင်ပါတယ်။

မေး- ရခိုင်မှာ စစ်ကောင်စီ ဗျူဟာစခန်းတွေ၊ စစ်စခန်းတွေကို ရက္ခိုင့်တပ်တော်က တစ်ခုပြီးတစ်ခု သိမ်းပိုက်နေတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တပ်မမှူးတွေက အစ အဖမ်းဆီးခံရတာ၊ လက်နက်ချတာတွေလည်းရှိနေပါတယ်။ ဒီတော့ စစ်ကောင်စီရဲ့ စစ်ရေး အခြေအနေအပေါ်မှာ ဆရာမရဲ့ အမြင်လေးသိပါရစေ။

ဖြေ- ကျွန်မကြည့်တာတော့ စစ်ကောင်စီဖက်ကစစ်တပ်က တော်တော်အလဲလဲ အပြိုပြိုဖြစ်နေတယ်။ စိတ်ဓာတ်ကလည်းတော်တော်ထိခိုက်နေကြပုံရတယ်။ မြောက်ပိုင်းမှာ စခန်းကုန်း တွေသိမ်းပြီးတော့ တက်လာတဲ့ ဗွီဒီယိုတွေကြည့်ရတာ သူတို့လက်နက်ခဲယမ်းဆိုတာ နည်းတာမှမဟုတ်ပဲ။ အဲ့ဒါတွေကို ဘာမှမလုပ်ပဲ ဗိုလ်မှူးချုပ် ၆ ယောက်တောင် လက်နက်ချရတယ်ဆိုတော့ သူတို့တပ်ကိုက တော်တော် အခြေအနေဆိုးနေပြီထင်တယ်။ အဲ့ဒီအရှိန်နဲ့ မြောက်ပိုင်းကလည်း လုပ်စရာရှိတာ ဆက်လုပ်ပြီး သူတို့အခြေခံဒေသလေး၊ လွတ်မြောက်တဲ့ဒေသလေး ဖြစ်အောင်တည် ဆောက်နိုင်ရင်ကောင်းတာပေါ့။

မေး- ရခိုင်အပါအဝင် မြောက်ပိုင်း ညီနောင်သုံးဖွဲ့က သိမ်းပိုက်ထားတဲ့ မြို့ဆိုရင်လည်း ခုဆို ၃၀ နီးပါး ရှိနေပြီ။ စစ်စခန်းတွေဆိုလည်း အများကြီးပါဘဲ။ စစ်ကောင်စီက ဒီနေရာတွေကို ပြန်တိုက်မယ်ဆိုရင် ဖြစ်နိုင် ပါဦး မလား။ ပြီးတော့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကကော ရေရှည် ထိန်းထားနိုင်ဖို့ဆိုရင် ဘာတွေပြင်ဆင်ထားဖို့ လိုအပ်မယ်လို့ ထင်ပါသလဲ။

ဖြေ- ဟုတ်တယ်။ ဟိုတုန်းကတော့ ကျွန်မတို့ကဒီလိုဖြစ်တာကိုး။ ကျွန်မတို့ကိုယ်တိုင် လည်း တော်လှန်ရေး တွေလုပ်တုန်းက မြို့တွေသိမ်းဖူးတယ်။ ဒါပေမယ့် ဆက်မထိန်းနိုင်လို့ ပြန်လက်လွတ် လိုက်ရတာရှိတယ်။ အဲ့ဒီတုန်းကတော့  ကျွန်မတို့ ဗကပ တစ်ဦးထဲကလုပ်တာကိုးဗျာ။ အခုကတော့ တိုင်ရင်းသားအဖွဲ့အစည်းတွေ အားလုံးပါတဲ့ အပြင် ပြည်မက ဗမာလူထုကြီးပါ ပါလာတာကြတဲ့ အခါကျတော့ ဆက်လက်ပြီး သိမ်းလည်း သိမ်းနိုင်မယ်။  ထိန်းလည်းထိန်းနိုင်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အေအေ တစ်ဖွဲ့တည်းမဟုတ်ဘူးလေနော်။ မြောက်ပိုင်း ညီနောင်အဖွဲ့ ဆိုပြီးဖွဲ့ထား‌တော့ သူမှာနောက်က သူ့မှာလုံခြုံတာပေါ့။ နောက်ကထောက်ပံ့ရေးတွေ ဘာတွေလိုက် နိုင်တဲ့ဟာတွေရှိတယ်။ ဒါကြောင့်မို့လို့ နေရာတွေသိမ်းပြီးရင်တော့ သူတို့ ထိန်းနိုင် ပါလိမ့်မယ်။ AA ကလည်း “ဝ” နယ်လိုနေရာမျိုး၊  ကေအိုင်အေရဲ့ လိုင်ဇာလိုနေရာမျိုး၊  မိုင်းလားလိုနေရာမျိုးတွေမှာ  သူတို့သွားတယ်။ လာတယ်တွေရှိတယ်လေ။ အတွေ့ အကြုံရှိပါတယ်။ အဲ့ဒီအတွေ့အကြုံတွေ၊ အဲ့ဒီက လူတွေရဲ့အတွေ့အကြုံတွေ၊ ဒေသ အုပ်ချုပ်ရေး တွေကို သူတို့လည်း နားလည်နိုင်ပါတယ်။ နောက်စစ်တပ်ကလည်း ခါတိုင်းနဲ့မတူဘူး။  တော်တော်ကို ပြိုဆင်းနေတာ။  ဒါကြောင့်မို့လို့ AA ရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော သူတို့ ထိန်းနိုင်ပါလိမ့်မယ်။

မေး-  ရခိုင်က ခွဲထွက်သွားလေမလားဆိုတဲ့ အတွေးသုံးသပ်ချက်တွေကလည်း ရှိနေကြတယ်။ အထူးသဖြင့် ဗမာလူထုအတွင်းပေါ့။ အဲဒီအပေါ်မှာကော ဘယ်လိုမြင် ပါသလဲ။

ဖြေ- ကျွန်မသိသလောက်တော့ AA ကတောင်းနေတာ ကွန်ဖက်ဒရိတ်ပဲ။ တောင်းနေတာ ခွဲထွက်ခွင့် မပြောပါဘူး။ ကျွန်မ ကြည့်တာတော့လေ။ နောက်တစ်ခုကလည်း ညီနောင် ၃ဖွဲ့ပေါင်းစည်းမှုကို ကြည့်ခြင်းအား ဖြင့် AA ကလည်း သဘောပေါက်ပုံရပါတယ်။ အမျိုးသား တစ်မျိုးသားတည်း လွတ်မြောက်လို့ မဖြစ်ဘူးလေ။ သူတို့ မြောက်ပိုင်း ၃ ဖွဲ့ကလည်း တစ်တိုင်းပြည်လုံးကိုကတိ ပေးထားတာရှိတယ်လေ။ ကျွန်မတို့ပြည်သူတွေအားလုံးစစ် အာဏာရှင်စနစ် လွတ်မြောက်တဲ့ အထိ ပြည်သူတွေနဲ့အတူ တိုက်ပါ့မယ်ဆိုပြီး ကတိပေးထားတာရှိတာပဲ။  သူတို့ ကတိဖောက် ဖျက်လိမ့်မယ်လို့ ကျွန်မမထင်ဘူး။

မေး- ရခိုင်ပြည်သူတွေက ရက္ခိုင့်တပ်တော် (AA) အပေါ်မှာ ထောက်ခံမှု အရမ်းများတယ်။ တော်လှန်ရေး လက်နက်ကိုင် တစ်ရပ်အပေါ်မှာ ဒီလောက်ထောက်ခံမှုများတာက ဘာကြောင့်လို့ ထင်ပါသလဲ။ ပြီးတော့ ရခိုင်လူထုက ခုလိုအင်နဲ့အားနဲ့ ထောက်ခံမှု ဒီအပေါ်မှာကော ဘယ်လို မြင်ပါသလဲ။

ဖြေ- AA ကို သူတို့ ရခိုင်လူထုက ထောက်ခံတာ ကျွန်မမျက်မြင်ဗျ။ ကျွန်မက ရွှေလီတို့၊ ကျန်ဖုန်းတို့မှာ မောင်တွေရှိတော့ သွားလည်ဖူးတယ်လေ။ အဲ့ဒီမှာရှိတဲ့ ရခိုင်ပြည်နယ်က လာပြီးတော့ အလုပ် လုပ်နေတဲ့ ကလေးတွေဟာလေ ခါးစည်းပြီး သူတို့ အလုပ်လုပ်တယ်။ ရလာတဲ့ ပိုက်ဆံကို စားဝယုံ ခါးလှယုံလောက်ပဲ။ ကျန်တာ အကုန်ပုံပြီး AA ကိုလှူနေတာဗျ။  AA ကို ဒါကြောင့်မို့ ကျွန်မ ကောင်းကောင်းနား လည်တယ်။ AA ခေါင်းဆောင်တွေဘက်ကလည်း သူတို့ အပေါ် ရခိုင်လူထုက  ထားတဲ့ စေတနာကို နားလည်တယ်။ ရခိုင်ပြည်နယ်က တခြားပြည်နယ်နဲ့ မတူဘူး။ သယံဇာတတွေ အများကြီးထွက်တာ။  ထွက်လျက်သားနဲ့ ဒီပြည်နယ်ကြီး ဒီလောက်ဆင်းရဲနေတာ သူတို့ ရင်ကွဲမတတ် ခံစားရမှာပေါ့ဗျာ။ ရွှေလီတို့ ဘာတို့ နယ်စပ်မှာလေ။ အဲ့ဒီရခိုင်လေးတွေ တချို့များ ရွာလုံးကျွတ် များတောင်မသိဘူး။ ပြောင်းလာရတာ။ လာပြီး အလုပ်လုပ်နေရတဲ့သူတွေ တကယ်သနားဖို့ ကောင်းတယ်။ တရုတ်တွေ မလုပ်ချင်တဲ့ အလုပ်ဟူသမျှ သူတို့ချည်း လုပ်ရှာတာ။ လုပ်ပြီးတော့ အဲ့ဒါ AA ကို ထောက်ပံ့နေတာ။ ကျွန်မအသေအချာတွေ့ခဲ့တာ။ ဒါကြောင့်မို့လို့ ရခိုင်ပြည်သူလူထုက သူ့ AA အပေါ်ထားတဲ့သဘောထား။  AA ကလည်း သူ့ ပြည်သူအပေါ် ထားတဲ့ သဘောထားကို ကျွန်မ ကောင်းကောင်းနားလည်တယ်။ ဒါမျိုးက ဒီလိုဗျ။  ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုးကို ချစ်တတ်တဲ့ လူမျိုးမှဘဲ ဒီလိုဟာကို ကိုယ်ချင်းစာနိုင်တာ။

မေး- ဆရာမရဲ့ ရခိုင်စစ်ရေးအခြေအနေကို နောက်ဆုံးသုံးသပ်အမြင်လေးကိုလည်း ပြောပြပေးပါအုံး။

ဖြေ- ကျွန်မတို့ ဗမာ တပြည်လုံးစစ်ဘောင်ကျယ်မှာပဲ။ ရခိုင်ပြည်က  AA တင်မဟုတ်ဘူး။ စစ်ကောင်စီကလည်း သူ့မှာတလမ်းပဲ ရှိတော့တယ်။ ဒါက ပြည်သူတွေကိုသူက ရက်ရက်စက်စက် သတ်ဖြတ်ဖို့  သူ့တစ်လမ်းပဲ။  လေယာဉ်ပျံနဲ့ ဗုံးကြဲဖို့၊ လက်နက်ကြီးနဲ့ ပစ်ဖို့၊ ဒါတွေ ဆက်လုပ် လာမှာပါပဲ။  ကျွန်မတို့ ပြည်သူတွေကလည်း ကိုယ့်တော်လှန်ရေးအတွက် ကိုယ့်တိုက်ပွဲအတွက် အင်မတန် ခက်ခဲကျပ်တည်းတဲ့ ကာလတစ်ခုတော့ ဖြတ်ရမယ်။ မတတ်နိုင်ဘူးဗျ။ ကျွန်မတို့လိုချင်တာတွေက သိပ်အဖိုးတန်တာကိုး။  ဒါကြောင့် ပေးဆပ် ရတာတွေလည်း များမှာပါ။ စစ်ဘောင်ကကျယ်လာဦးမှာပါ။

January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...