ကြာအင်းဆိပ်ကြီးနှင့် ကျိုက်မရော မြို့နယ်နှစ်ခုတွင်း စစ်စခန်းများ တိုက်ခိုက်မခံရရေး စစ်တပ် ခံစစ် ပြင်ဆင်နေ

ကြာအင်းဆိပ်ကြီးနှင့် ကျိုက်မရော မြို့နယ်နှစ်ခုတွင်း စစ်စခန်းများ တိုက်ခိုက်မခံရရေး စစ်တပ် ခံစစ် ပြင်ဆင်နေ

ကြာအင်းဆိပ်ကြီးနှင့် ကျိုက်မရောချောင်နှစ်ခွ မုဒုံလမ်းပိုင်း တစ်လျှောက်ရှိ စစ်စခန်းများအား ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့-PDF များ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခြင်းမခံရရေး စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် -BGF များ စစ် အင်အား တိုးချဲ့ ပြင်ဆင်နေကြောင်း နယ်မြေခံစစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ယခုရက်ပိုင်းအတွင်း Lion Battalion စစ်ကြောင်းမှူး ဗိုလ်အယ်စေးဝါးနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF မှ ရဲဘော် အောင်စံရှားတို့ ပူးပေါင်းမှုရှိလာသည့်အတွက် ၎င်းတို့ တပ်စခန်းများ ထပ်မံတိုက်ခိုက်ခံရ မည်ကို စိုးရိမ်ကြောက်လန့်နေကြသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “ ရှိသမျှ BGF ၊ ရဲနဲ့ စစ်တပ်တွေ သူတို့နေရာတွေမှာ ခံစစ်ပြင်နေတယ်။ ဘန်ကာတွေ ၊ စစ်က တုတ်တွေ အသစ်တွေ ဆောက်နေတယ်။ စစ်ကူတွေ ဖြည့်နေတယ်။ ဒါပေမယ့် အပြင်စစ်ကြောင်း ထိုး သွားတာလာတာတော့ မရဲကြဘူး။ သူတို့ လမ်းမဂိတ်တွေ ရှေ့ ဖြတ်သွားဖြတ်လာ ဆိုရင်တော့ စစ်ဆေးတယ်။ ရိုက်နှက်တယ်။ ငွေတောင်းတာတွေ လုပ်တယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းက ကျိုက်မရော ချောင်းနှစ်ခွ၊ ကြာအင်းဆိပ်ကြီး ဒေသအတွင်း KNLA မဟာမိတ်ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်တပ်စစ်စခန်းများ ရဲစခန်းများ၊ ရွေ့လျား စစ်ကြောင်းများ အထိနာအကျအဆုံးများခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

ထို့ကြောင့် ယခု ၂၀၂၄ နှစ်ဆန်းပိုင်းတွင် ထပ်မံတိုက်ခိုက်မခံရရေး KNLA မဟာမိတ်ပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားသည့်နေရာများဘက်သို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်နေသည့်အတွက် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံ ၅၀၀၀ ခန့်  နေရပ်စွန့်ခွာရှောင်တိမ်းနေထိုင် နေရဆဲဖြစ်ကြောင်း သိရသည်။

“စစ်ကူတွေ ထပ်ရောက်နေတယ်။ လက်နက်ကြီးပစ်တဲ့နေရာ အသစ်တွေထပ်လုပ်နေတယ်။ ရပ်ကွက် တွေက လူတွေကို ရှောင်နေခိုင်းတယ်၊ တိုက်ပွဲဖြစ်ရင် မလွတ်ဘူးလို့ စစ်တပ်က ပြောတယ်၊ အခုက လူ တွေ သိပ်မနေကြတော့ဘူး၊ ဟိုပြောင်းဒီပြောင်း နေကြရတာ ၃ လလောက်ဖြစ်လာပြီ၊ ဈေးဆိုင်တွေ ၊ ကုန်စုံဆိုင်တွေလည်း ဖွင့်ရဲ မဖွင့်ရဲနဲ့ ဈေးဝယ်စားဖို့လည်း ခက်ခဲနေတာကြာပြီ ”ဟု ကြာအင်းဆိပ်ကြီး ကမ်းနားပိုင်း နေထိုင်သူအမျိုးသမီး တစ်ဦးက ပြောသည်။

လက်တလောတွင် ကရင်ပြည်နယ် ကော့ကရိတ်ဒေသအတွင်း ရှိ တောင်ကြာအင်းရဲစခန်းနှင့် အထက တောင်ကြာအင်း စစ်စခန်းတို့အား KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်းများ သိမ်းပိုက်ထိမ်းချုပ် ထားသလို ကော့ကရိတ်မြို့၊ ဘုရားသုံးဆူမြို့၊ ကြာအင်းဆိပ်ကြီးမြို့ နေရာများတွင် ပိတ်ဆို့ နေရာယူ စိုးမိုးထားသည့်အတွက် နှစ်ဖက်စစ်ရေးတင်းမားနေဆဲ အခြေအနေဖြစ်နေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိ ကရင်ပြည်နယ် အခြေစိုက် စစ်တပ်စစ်စခန်းများမှ တန်ပြန်ဒရုန်းဗုံးချတိုက်ခိုက်မှုများ ကော့ကရိတ်ဒေသအတွင်း အရှိန်မြှင့်လုပ်ဆောင်လာသည့်အတွက် အရပ်သားထိခိုက် သေဆုံး ဒဏ်ရရာရရှိမှုများ ဆက်ရှိနေကြောင်း ကော့ကရိတ်ဒေသခံစစ်ဘေးရှောင်နေရသူများ ပြောစကားအရ သိရသည် ။

ကော့ကရိတ်ဒေသခံတစ်ဦးက “စစ်တပ်က လူတွေ၊ ကြံ့ဖွတ်ကလူတွေက သတင်းတုတွေထုတ် တယ်။ လိုင်းပေါ်တင်တယ်။ ပြန်ဝင်နေလို့ရပြီ၊ မပစ်တော့ဘူးဆိုတာမျိုးတွေ သတင်းဖြန့်တော့ ကိုယ့် နေရာပြန် လာကြတယ်။ အဲ့လိုအချိန်မှာ စစ်တပ်က ဒရုန်းလာချတယ်။ ရပ်ကွက်ထဲတွေ ကျတယ်။ လူထိ တယ်။ အိမ်တွေ ခဏခဏ မီးလောင်တယ်။ အဲတော့ပြန်ထွက်ပြေးရတယ်။ ပြန်လာကယ်ထုတ်ဖို့ တခြားကူတဲ့ လူတွေကို အကူအညီတောင်းရတယ် ”ဟု ပြောသည်။

အဆိုပါ ကော့ကရိတ် မြို့တိုက်ပွဲတစ်လအကျော်ကြာအခြေအနေအတွင်း ကလေးလူကြီးအပါအဝင် အရပ်သား ၂၀ ကျော် သေဆုံးပြီး ဒဏ်ရရာရရှိသူ လူ ၃၀ ခန့်ရှိကြောင်း ကနဦး စုံစမ်းရရှိသည့် အချက်အလက် များအရ သိရသည်။ ထို့အပြင် မြို့တွင်း ရပ်ကွက်နှင့် ကျေးရွာနေအိမ်အလုံး၂၀၀ ဝန်းကျင် မီးလောင်ပျက်စီးမှုရှိကြောင်း မြို့ခံသတင်းအရင်းအမြစ်များက ပြောသည်။

October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...