စစ်တပ်၏အကြမ်းဖက်မှုများကို ကုလလုံခြုံရေးကောင်စီသို့ တင်ပြ၍ ပိုမိုထိရောက်သော ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် လုပ်ဆောင်မည်ဟု NUG ပြော

စစ်တပ်၏အကြမ်းဖက်မှုများကို ကုလလုံခြုံရေးကောင်စီသို့ တင်ပြ၍ ပိုမိုထိရောက်သော ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် လုပ်ဆောင်မည်ဟု NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်ကောင်စီ၏ အကြမ်းဖက်မှုများအတွက် လာမည့်မတ်လတွင် ပြုလုပ်မည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်ပြ၍ ပိုမိုထိရောက်မှုရှိသော ဆုံးဖြတ်ချက်တစ်ရပ် ထပ်မံချမှတ်နိုင်ရေး ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ(၁၂)ရက်၊ ယနေ့တွင် အွန်လိုင်းအစီအစဉ်ဖြင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာ စာသင်ကျောင်းအနီး ပြီးခဲ့သည့် ဇန်နဝါရီလ(၇)ရက်က  စစ်ကောင်စီ၏လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်(၉)ဦးနှင့် အမျိုးသမီး(၅)ဦးအပါအဝင် စုစုပေါင်း(၁၇)ဦးသေဆုံး၍ ကလေးငယ်(၁၁)ဦးပါဝင်သော ဒေသခံ(၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး NUG က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အထက်ပါဖြစ်ရပ်အပါအဝင် စစ်ကောင်စီကြောင့် ယခုနှစ် ဇန်နဝါရီလပထမအပတ်အတွင်း အသက် မပြည့်သေးသော ကလေးငယ်(၁၈)ဦးနှင့် အရပ်သား(၅၇)ဦးထက်မနည်း သေဆုံးခဲ့ရပြီး စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များအား UN လုံခြုံရေးကောင်စီသို့ တင်ပြမှုနှင့် ထိရောက်သောဆုံးဖြတ်ချက် ချမှတ်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ကြောင်း NUG ၏ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ယခုလိုပြောသည်။

“အဲဒီဒေသတွေက NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နေရာတွေ ဖြစ် တယ်။ စစ်ရှုံးနေတဲ့စစ်တပ်က စစ်ရာဇဝတ်မှုတွေကိုနေ့စဥ်ကျူးလွန်နေတာပါ။ စစ်တပ်က ရှုံးမဲမဲပြီး လက်နက်မဲ့အရပ်သားပြည်သူထိခိုက်မှုတွေ များသထက်များအောင် လုပ်ကိုင်နေတယ်ဆိုတာ သက် သေပြနေပါတယ်။ NUG အနေနဲ့ လာမယ့် မတ်လမှာပြုလုပ်မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မှာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို တင်ပြသွားမှာပါ။ ပိုထိရောက်တဲ့ဆုံး ဖြတ်ချက်တစ်ရပ်ကို ထပ်မံချ မှတ်နိုင်ဖို့ ကြိုးစားလုပ်ကိုင်သွားပါမယ်” ဟု ဦးကျော်ဇော်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

၎င်းအပြင် NUG အနေဖြင့်လည်း ပြည်သူလူထုသို့ စစ်ကောင်စီ၏လုပ်ရပ်များနှင့်ပတ်သက်၍ သတိပေးမှု၊ ပညာပေးမှုများ ပြုလုပ်နေသော်လည်း စစ်တပ်က အရပ်သားဦးတည်တိုက်ခိုက်နေသည့်အပေါ်တွင် ပြည်သူလူထုအနေဖြင့် သတိထားကြရန်လိုကြောင်း ဦးကျော်ဇော်က ထည့်သွင်းတိုက်တွန်းထားသည်။

ကနန်ရွာဖြစ်စဉ်သည် စစ်ကောင်စီက A-5 တိုက်လေယာဥ် အမျိုးအစားဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးလေးလုံး ကြဲချတိုက်ခိုက်မှုအတွင်း ကနန်ကျေးရွာ အထက်တန်းစာသင်ကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း အကြားသို့ ကျရောက်ခဲ့ပြီး ဘုရားရှိခိုးဝတ်ပြုနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု NUG ၏ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က သတင်းစာရှင်း လင်းပွဲတွင် ရှင်းပြသည်။

ထို့အတူ ကနန်ရွာလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပြီးနောက် စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းနှင့် မော်တော်ယာဥ်များဖြတ်သန်းသွားလာခြင်းကိုပါ တားမြစ် လိုက် သဖြင့် ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသူများ မြို့ပေါ်သို့ ပို့ဆောင်ဆေးကုသခွင့်မရရှိတော့ကြောင်း ဖြစ်စဥ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သူ ဆရာမဒေါ်ရတီအုန်းက ပြောသည်။

၎င်းက “ကျမတို့မှာ လူ့အခွင့်အရေးရော၊ ဂုဏ်သိက္ခာရော ဘာမှကိုမရှိတော့တာ၊ ဒါ့အပြင်စစ်တပ်က ဒဏ်ရာရတဲ့သူတွေကို မြို့ထဲအဝင်မခံဘူး။ ခိုးဝင်လာတာတွေရှိမှာစိုးလို့ မြို့ထဲမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ရှောင်တခင်ဝင်စစ်ပြီး ဘယ်ယာဥ်မှ ဖြတ်သန်းခွင့်မပေးတော့ဘူး။ ကျမတို့ မြန်မာနိုင်ငံက ပြည်သူတွေက လူမဟုတ်တော့လို့ လူ့အခွင့်အရေးတွေ ဆုံးရှုံးရတာလားဆိုတာ မေးခွန်းထုတ်ချင်တယ်” ဟု ပြောသည်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီက ကျူးလွန်ခဲ့သောစစ်ရာဇဝတ်မှုများအား ဖိလစ်ပိုင်နိုင်ငံ တရား ရုံးတွင် universal jurisdiction အောက်မှ တရားစွဲသွားရန် NUG အနေဖြင့်ဆောင်ရွက်နေသလို အခြားနိုင်ငံများတွင်လည်း စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော စစ်ရာ ဇဝတ်မှုများအတွက် အရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ဦးကျော်ဇော်က ဆက်လက်ပြောဆိုသည်။

ထို့အတူ UN အနေဖြင့် ပြောင်ပြောင်တင်းတင်းစစ်ရာဇဝတ်မှုကျူးလွန်နေသော စစ်ကောင်စီ ဥက္ကဋ္ဌနှင့် လက်အောက်ခံများအား နိုင်ငံတကာတရားရုံးများတွင် ထိရောက်စွာအရေးယူပေးနိုင်ရေး အကူအညီ ပေးကြရန် NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုထားသည်။

“နိုင်ငံတကာမိသားစုအသိုင်းအဝိုင်းအနေနဲ့ အရပ်သားပြည်သူကို လေကြောင်းတိုက်ခိုက်မှုက ကာကွယ် ပေးနိုင်ဖို့ Early Warning system ကူညီပေးတာ၊ စစ်ဘေးရှောင်တွေအတွက် အရေးပေါ်လိုအပ်နေတဲ့ အကူအညီတွေကို NUG၊ ERO တွေနဲ့ ညှိနှိုင်းပြီး မြေပြင်မှာရှိတဲ့အဖွဲ့တွေနဲ့အတူ တိုက်ရိုက် ရောက်အောင် ဆောင်ရွက်ပေးတာတွေ လုပ်ဆောင်ဖို့ ကျနော်တို့တောင်းဆိုပါတယ်” ဟု ဦးကျော်ဇော်က တောင်းဆိုသည်။

အာဏာသိမ်းယူလိုက်သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းသုံးတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် အခြားသောအကြမ်းဖက်မှုများကြောင့် မြန်မာ နိုင်ငံတွင် ကလေးငယ် (၆၂၇)ဦးနှင့် အမျိုးသမီး(၁၀၁၇)ဦး သေဆုံးခဲ့ကြောင်း ယနေ့ သတင်းစာရှင်း လင်းပွဲအတွင်း NUG ဘက်က တင်ပြလာသည့် မှတ်တမ်းများအရ သိရသည်။

Most read this week

October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...
October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...