ပလက်၀တွင် အပြီးသတ်တိုက်ပွဲ ပြင်းထန်နေ

ပလက်၀တွင် အပြီးသတ်တိုက်ပွဲ ပြင်းထန်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့ တွင် ရက္ခိုင့်တပ်တော် (AA) ၏ အပြီးသတ် တိုက်ပွဲမှာ ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်၏ အပြီးသတ်စခန်းသိမ်း တိုက်ပွဲများနှင့်အတူ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ညီနောင်သုံးဖွဲ့၏ ဇန်နဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသခံများ၏ အပြောအရ ပလက်၀တိုက်ပွဲပြင်းထန်နေပြီး နေရာ အတော်များများကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ပြောဆိုသည်။

၎င်းပြင် မင်းပြားမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်  နံနက် (၆) နာရီအချိန်မှစ၍ နေ့လယ်ပိုင်း အချိန်ထိ စစ်ကောင်စီ၏ ဂျက်တိုက် လေယာဉ်၊ Mi-35 ရဟတ်ယာဉ်နှင့် စစ်သင်္ဘောများဖြင့် မင်းပြားမြို့ကို အကြိမ်ပေါင်းများစွာ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းပြင် နေ့လယ် (၂) နာရီ (၃၀) မိနစ်အချိန်ခန့်၌ ရန်သူ့နေဗီမှ ပစ်ခတ် တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည်များသည် မင်းပြားမြို့၊ မင်းဘာကြီး ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်အချို့ မီးလောင် ပျက်စီးခဲ့သည့် အပြင် အဆိုပါနေဗီမှ ရန်သူ့တပ်ဖွဲ့ဝင်များသည် မင်းပြားမြို့ အတွင်းသို့ ဝင်ရောက်ကာ မြို့ပေါ်ရပ်ကွက်ရှိ ‌နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ဖော်ပြထားသည်။

ပေါက်တောမြို့တွင်လည်း စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ၏ “အမှတ် (၁၂) ရဲတပ်ရင်း” မှ အရပ်သား ပြည်သူ များနေထိုင်ရာ ပေါက်တောမြို့နှင့် အနီးအနား ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို  နံနက် ၉ နာရီကျော်ခန့်၌လည်း ဒရုန်းများဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက လက်နက်ကြီးများထဲမှ လက်နက်ကြီးကျည်နှင့် Drop Bomb များသည် ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာအတွင်း သို့ ကျရောက် ပေါက်ကွဲခဲ့၍ ဒေသခံအမျိုးသား (၂) ဦးမှာ ထိခိုက်  ဒဏ်ရာရရှိခဲ့ရသည်ဟု ဆိုသည်။

မနေ့ က နံနက် (၈) နာရီအချိန်၌ ရန်သူ့နေဗီ (၂) စီးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား (၃၀) ကျော်သည် ပေါက်တော မြို့နယ်၊ တောင်းဖူး ကျေးရွာသို့ ဝင်ရောက်လာခဲ့၍ ကျေးရွာတွင်းရှိ ရွာလုံးကျွတ်နီးပါး နေအိမ်များအား ဓါတ်ဆီ လောင်း မီးရှို့ဖျက်ဆီးခဲ့ကြပြီး  တစ်ဆက်တည်းမှာပင် ညနေပိုင်းအချိန်၌ စစ်ကောင်စီ၏ နေဗီသင်္ဘောများမှလည်း ပေါက်တော မြို့နှင့် အနီးတစ်ဝိုက် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်နေခဲ့သည်ဟု ဖော်ပြသည်။

ဇန်နဝါရီ ၁၁ ရက်နေ့တွင် ရမ်းဗြဲမြို့တွင်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

October 2, 2024
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများကြောင့် ရပ်တန့်နေရသည့် စစ်တွေ-အိန္ဒိယဆိပ်ကမ်းကို ပြန်လည်...
October 2, 2024
ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ဆေးဝါးအချိန်မီ ကာကွယ်ကုသနိုင်ခြင်း မရှိ၍ အရေပြား...
October 1, 2024
ရခိုင်ပြည်တွင် တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများအပါအဝင်...
October 1, 2024
ရခိုင်ပြည်မှလူငယ်များသည် ယခုနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာနေကြောင်း စုံစမ်းသိရသည်...