မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု စစ်ကောင်စီကြောင့် အလုပ်မဖြစ်နိုင်ဘူးလို့ သုံးသပ်သူတွေပြော

မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု စစ်ကောင်စီကြောင့် အလုပ်မဖြစ်နိုင်ဘူးလို့ သုံးသပ်သူတွေပြော

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သစ် အေလွန်ကီရိုကစ်တစ်ဟောင်ရဲ့ ပထမဆုံးအကြိမ် မြန်မာပြည်ခရီးစဉ်မှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ ငြိမ်းချမ်း‌ရေးဆိုင်ရာ ကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့မှာ အာဆီယံအထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ကို နေပြည်တော်မှာ သီးခြားတွေ့ဆုံခဲ့တာပါ။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံအနေနဲ့အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပေါ် စစ်ကောင်စီကနေ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ချိန်ညှိပြီး အကောင်အထည်ဆောင်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်တွေမှာ အပြည့်အဝပူးပေါင်းနေမှု၊ ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ဦးစားပေးအကောင်အထည်ဖော်မယ့် လုပ်ငန်းတွေကိုလည်း ဆွေးဆွေးခဲ့ကြတာ ဖြစ်ပါတယ်။

အပစ်ရပ်ထိုး ၇ ဖွဲ့နဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ တွေ့ဆုံမှုမှာတော့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ ကိစ္စတွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တာပါ။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု အခြေအနေတွေကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တင်ပြခဲ့ပြီး ကျန်ရှိတဲ့ ဆွေးနွေးမှုတွေမှာ အပစ်ရပ် ၇ ဖွဲ့နဲ့ အလားတူ ဆွေးနွေးချက်တွေ ဖြစ်ပါတယ်။

မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော်က စစ်တပ်အနေနဲ့ အလျှော့ပေးဖို့ စိတ် ကူးရှိပုံ မရသေးတဲ့အတွက် လာအိုကိုယ်စားလှယ် လာရောက်မှုကလည်း လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့အတွက် မြန်မာ့အရေး ထူးခြားလာမှာ မထင်ဘူးလို့ သုံးသပ်ပါတယ်။

“အခုချိန်ထိတော့ စစ်တပ်က သိပ်ယိုင်နဲ့သေးပုံ မရသေးဘူး။ အထူးသဖြင့် ထိပ်သီးခေါင်းဆောင်တွေပေါ့ဗျာ။ သူတို့က အာဏာခွဲဝေပေးဖို့ပဲဖြစ်ဖြစ်၊ သူတို့ရထားတဲ့ အခွင့်အရေးတွေကို လျှော့ဖို့ပဲဖြစ်ဖြစ် သူတို့အခုထိ စိတ်ကူးရှိပုံမရသေးဘူး။ ဒါကြောင့်မို့ ဘာမှသိပ်ထူးထူးခြားခြား ရှိလာမယ်မထင်ဘူး။ လာအိုကိုယ်စားလှယ်ကတော့ သူကလာလေ့လာတာပဲ ဖြစ်မှာပေါ့ဗျာ။ ဒါလုပ်ရိုးလုပ်စဉ်ပါပဲ။ တာဝန်အသစ်ရပြီဆိုရင်တော့ သူကအဲဒီအခြေအနေတွေသိဖို့ လိုတာကိုး ဒါကြောင့် လာလေ့ လာတာ ဖြစ်ပါလိမ့်မယ်”လို့ ဆိုပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဧပြီမှာ စစ်ခေါင်းဆောင်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ချမှတ်ခဲ့ပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန် လွှတ်ပေးဖို့၊ အကြမ်းဖက်ဖြေရှင်းမှုတွေ ရပ်ဆိုင်းဖို့၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်း စာနာအထောက်အထားမှု အကူအညီတွေပေးဖို့စတဲ့ အချက်တွေ ပါဝင်ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူရတဲ့ နိုင်ငံတွေရဲ့ အထူးကိုယ်စားလှယ်တွေဟာ သုံးနှစ်နီးပါး ကြိုးပမ်းခဲ့ကြပေမယ့် စစ်ကောင်စီဘက်ကတေ့ အဲဒီဘုံသဘောတူညီချက်တွေကို မလိုက်နာခဲ့ပါဘူး။

ဒါကြောင့် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စစ်ကောင်စီ ထိပ်ပိုင်းကိုယ်စားလှယ်တွေကို တက်ရောက်ခွင့် တားမြစ်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ တိုက်ပွဲမဖြစ်တဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့သာ ငြိမ်း ချမ်းရေး ဆွေနွေးမှုရှိပေမယ့် လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် NUG PDF တို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ခြင်း မရှိပါ။

ဓာတ်ပုံ-MOI

October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...
October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...