ကရင်လူမျိုးတို့၏ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေး အတူတကွ တိုက်ပွဲဝင်ရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

ကရင်လူမျိုးတို့၏ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေး အတူတကွ တိုက်ပွဲဝင်ရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

ကရင်လူမျိုးတို့၏ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေး နှစ်သစ်တွင်တစ်ခုတည်းသော ဦး ဆောင်မှုအောက်၌ စုပေါင်းပြီး အတူတကွဆက်လက်တိုက်ပွဲဝင်သွားကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့ ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွင် တိုက်တွန်းလိုက်သည်။

ပြီးခဲ့သည့်နှစ်တွင် ကရင်လူထုများသည်လည်း တိုက်ပွဲများကြားမှ အခက်အခဲများစွာနှင့် ဖြတ်ကျော်ခဲ့ရပြီးဖြစ်သလို ယခု ၂၇၆၃ ခုနှစ်တွင် စစ်အာဏာရှင်ကို တွန်းလှန်တိုက် ပွဲဝင်သူ အချင်းချင်းကြား စိတ်ဝမ်းကွဲမှုဖြစ်သည့် တိုက်ခိုက်ပြောဆိုမှုများမလုပ်ကြဘဲ တစ်ခုတည်းဦးဆောင်မှုအောက်တွင် အတူ တကွ ဆက်လက်တိုက်ပွဲဝင်သွားရန် ကေအဲန် ယူ ဥက္ကဋ္ဌက ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် တစ်နေရာ၌ ကျင်းပပြုလုပ်သည့် ကရင်နှစ် သစ်ကူးနေ့အခမ်းအနားတွင် ယခုလို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ပဒိုစောကွယ်ထူးဝင်းက “ ဒီနေ့မှာဆိုရင် နှစ်သစ်ကို ကျနော်တို့ စတင်လာပြီးဖြစ်တယ်။ တစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ၊ ကိုယ့်လူမျိုးအတွက် လုပ်ဆောင်သွား မယ်လို့ ခံယူထားရင် တစ်ခုတည်းသော ဦးဆောင်မှု အောက်ကို သွားမှရမယ်။ အခုချိန်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြစ်တင်တာတွေက ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ရောက်ရှိဖို့ မလွယ် ဘူး။ အဲဒါကြောင့် စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲပြီးသွားမှ ရည်မှန်း ချက်ပန်း တိုင်းရောက်မှာဖြစ်တယ်”ဟု အခမ်းအနားတွင် တိုက်တွန်းလိုက်သည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ကို ပြန်လည်ဆန့်ကျင်သည့် ပြည်သူများကို အင်အားသုံး၊ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုပါ လုပ်ဆောင်သည့်အတွက် ကရင်လူမျိုး နှင့်အတူ အခြားတိုင်းရင်းသားလူမျိုးများသည် စစ်ရှောင်ဘဝနှင့် အိုးအိမ်စွန့်ခွာနေရသည် မကဘဲ ပညာရေး အခွင့်အလမ်းဆုံးရှုံးမှုနှင့် လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု မရရှိကြကြောင်းကို နားလည်သဘောပေါက်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

သို့သော် စစ်အာဏာရှင် စနစ်ပြုတ်ကျရေးအတွက် ပြန်လည်တိုက်ခိုက်သည့် နည်းလမ်းမှ လွဲ၍ တစ်ခြားနည်းလမ်းမရှိသလို မဟာလူမျိုးကြီးဝါဒနှင့် ဆက်လက်အုပ်ချုပ်ပါက   တိုင်း ရင်းသားလူမျိုးများသည် အခွင့်အရေးမရရှိသည့်အပြင် နိုင်ငံအတွင်းရှိ မျိုးဆက်သစ် လူငယ်များတိုးတက်ရန်အတွက်လည်း အာမခံချက် တစ်စုံတစ်ရာမရှိသောကြောင့် ယခုမျိုးဆက်သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒကို အမြစ်ပြတ် တိုက်ထုတ်ရ မည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ ဥက္ကဋ္ဌက ဆက်လက်တိုက်တွန်းပြောဆိုသည်။

ကရင်လူမျိုးများအနေဖြင့် ထည်ဝါကြီးမြတ်ခြင်း၊ ဂုဏ်သိက္ခာမြင့်မားခြင်း၊ ခေတ်ရေစီး ကြောင်းနှင့်အညီ ဖွံ့ဖြိုးတိုးတက်လာခြင်း စသည်များအတွက် မျိုးချစ်စိတ်ရှိရုံနှင့်မရဘဲ တော်လှန်ရေးကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်လည်း လိုအပ်ကြောင်း ကရင်နှစ်သစ်ကူးနေ့ အတွက် ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းပေးပို့သော သဝဏ်လွှာတွင်လည်း တိုက်တွန်းပြောဆိုထားသည်။

လက်ရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေတော်တော်များများတွင် စစ်ရေး ပဋိပက္ခများ ပြင်းထန်နေဆဲဖြစ်၍ ကျေးရွာအများအပြားရှိ ပြည်သူလူထုများသည်လည်း စစ်ဘေး ရှောင်နေကြရဆဲဖြစ်သည်။

ထို့ကြောင့် ယခုနှစ်ကျရောက်သည့် ကရင်နှစ် ၂၇၆၃ ခု ကရင်နှစ်သစ်ကူးနေ့ကို စစ်ရှောင် နေကြရသော ကရင်ပြည်သူအချို့သည် အခမ်းအနားဖြင့် ကျင်းပခွင့်မရသလို အချို့နေရာ များတွင်လည်း အခက်အခဲကြားမှ အစဉ်အလာမပျက် ကရင်နှစ်သစ်ကူးနေ့ ကို စုပေါင်းကျင်းပခဲ့ကြရသည်။

Most read this week

October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...
October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...